Live
Home
မြန်မာသတင်း
Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူးကို ရှေ့နေဘက်က တရားပြန်စွဲမည်
နေဖြိုးဝင်း
·
October 7, 2019
ဗစ်တိုးရီးယားအမှုမှာ ယာဉ်မောင်း  အောင်ကြီးဘက်က အမှုလိုက်ပေးနေတဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်က သူ့ကို တရားစွဲထားသူတွေကို နိုင်လွတ်လုံဥပဒေနဲ့ ပြန်လည် တရားစွဲဆိုသွားဖို့ ရှိနေပါတယ်။  Wisdom Hill မူကြိုကျောင်းရဲ့ ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ယာဉ်မောင်း အောင်ကြီးရဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကို စက်တင်ဘာ ၂၅ ရက်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁(က)(၂) နဲ့ နိုင်လွတ်လုံ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။  အခုလို ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်ခဲ့ပေမယ့် နိုင်လွတ်လုံ ပုဒ်မနဲ့ မငြိစွန်းတဲ့အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့် တရားစွဲဆိုထားပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ဒီကနေ့ အောက်တိုဘာလ ၇ ရက် မနက်က ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ဒီရုံးချိန်းအပြီးမှာ အမှုကို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မယ့် ဦးသိန်းသန်းဦးက မီဒီယာတွေကို အခုလို ပြောတာပါ။ "ဒေါ်စုဒါလီအောင်ကို တရားစွဲတာက ရဲစခန်းမှာ သွားအမှုဖွင့်တယ်။ အဲဒါ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၁၁ အရ မမှန်တာကို သိရဲ့သားနဲ့ အမှုဖွင့်တိုင်ကြားတယ်။ တရားရုံး ဦးတိုက် လျှောက်တယ်ဆို အဲဒါနဲ့ ငြိစွန်းပါတယ်။ အဲတော့ အဲပုဒ်မနဲ့ ရဲစခန်းက အရေးမယူပါဘူး။ အရေးမယူဘဲနဲ့ ဥပဒေအကြံပြုချက်အရ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ တင်လိုက်တာ ဖြစ်တဲ့အတွက် ဟိုဟာက ချော်သွားပြီ။ အဲအတွက် အမှုဖွင့်ပါမယ်။ သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့်တိုင်ကြား တရားစွဲပါမယ်။ အဲဒါကလည်း အဆင့်ဆင့် ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်။ နောက်တခုက ဒီအမှုကို အမှုတွဲ ချေဖျက်ဖို့အတွက် တရားလို စစ်ပါဦးမယ်။ တရားလို စောင့်နေတယ်။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၆၂(၁)(ဃ)အရ ဖျက်မယ်။ ဒီဟာကို တကယ်ဥပဒေ လမ်းကြောင်းအတိုင်း ဖြစ်အောင် သွားမယ်” လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။ ပထမအဆင့်အနေနဲ့ ပေါ်ပေါက်နေတဲ့အခြေအနေအရ နိုင်လွတ်လုံ ဥပဒေနဲ့ စတင်အမှုဖွင့်သွားမှာဖြစ်ပြီး အမှုတွဲချေဖျက်ဖို့အတွက် အဆင့်ဆင့်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဒီနေ့ရုံးချိန်းမှာတော့ မှုခင်းစီမံခန့်ခွဲမှုစနစ်အရ အစည်းအဝေးပြုလုပ်ခဲ့ပြီး လာမယ့် ၂၁ ရက်နေ့ကို ရုံးချိန်းထပ်မံချိန်းဆိုထားပါတယ်။ ရှေ့နေ ဒေါ်စုဒါလီအောင်က "၂၁ ရက်နေ့ ရုံးချိန်းမှာ တရားလို ဒေါ်ဥမ္မာလှိုင်ကို စစ်မယ်။ ကျမဘက်က ရှေ့နေ ဦးသိန်းသန်းဦးက နေပြီးတော့ ၂၁ ရက်နေ့မှာ တရားလိုကို စစ်ချင်ပါတယ်လို့ ပြောတဲ့အခါမှာ တရားလိုဘက်က ဥပဒေအရာရှိနဲ့ ရှေ့နေတွေကလည်း သဘောတူတယ်လို့ပြောတဲ့အတွက် အဲနေ့မှာ တရားလိုကိုလည်း စစ်မယ်၊ အစည်းအဝေးလည်းလုပ်မယ် ပြောတယ်"လို့ ပြောပါတယ်။ အောင်ကြီးရဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကို အမှုဖွင့်ပြီးနောက်ရက်မှာပဲ ဗစ်တိုးရီးယားရဲ့ ဖခင်ဖြစ်သူ၊ ဗစ်တိုးရီးယားဖခင် ဖြစ်သူရဲ့ အကိုနဲ့ အစ်မ၊ ရှေ့နေ ဒေါ်ရွက်နုအောင်၊ အောင်ကြီးရှေ့နေ ဦးခင်မောင်ဇော်နဲ့ ဗစ်တိုးရီးယားဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ သက္ကမိုးညို အကောင့်ပိုင်ရှင် ဒေါက်တာ ဝင်းကိုကိုသိန်းတို့လည်း ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေပုဒ်မ ၁၀၁(က) (၂)နဲ့ ဒေါ်ဥမ္မာလှိုင်က အမှုဖွင့်ထားပါသေးတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024