ဟောင်ကောင် ဆန္ဒပြပွဲအတွင်း သတင်းထောင်တဦး ဓာတ်ဆီပုလင်းဗုံး ထိမှန်

ဟောင်ကောင် ဆန္ဒပြပွဲအတွင်း အောက်တိုဘာ ၆ ရက်က သတင်းထောက် တယောက်ကို ဓာတ်ဆီပုလင်းဗုံးတလုံး ထိမှန်ခဲ့ပါတယ်။  ဟောင်ကောင် ဆန္ဒပြပွဲဟာနေရာ အတော်များများမှာ အကြမ်းဖက် ထိပ်တိုက်တွေ့မှုတွေနဲ့ အဆုံးသတ်ခဲ့တာပါ။  ရဲတွေက လူအုပ်ကို နံပါတ်တုတ်နဲ့ရိုက်ပြီး မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ခဲ့သလို ဆန္ဒပြသူ တချို့ကလည်း အုတ်ခဲတွေ၊ ဓာတ်ဆီပုလင်းဗုံးတွေနဲ့ ရဲတွေကို ပြန်ပစ်ခတ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေပစ်လိုက်တဲ့ ဓာတ်ဆီပုလင်းဗုံးက အွန်လိုင်းသတင်းဌာန RTHK ရဲ့ သတင်းထောက်ကို ထိမှန်ခဲ့လို့ သတင်းထောက်ရဲ့ မိုးကာဝတ်စုံနဲ့ ဦးထုပ် မီးလောင်ခဲ့တယ်လို့ မျက်မြင်သက်သေ တယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဟောင်ကောင် အာဏာပိုင်တွေဟာ ကိုလိုနီခေတ်က အရေးပေါ်ဥပဒေဖြစ်တဲ့ မျက်နှာဖုံးတပ်ဆင်မှု ပိတ်ပင်တဲ့ ဥပဒေကို အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။  ဒါပေမယ့် ဆန္ဒပြသူတွေကတော့ အာခံပြီး မျက်နှာတွေကို ဖုံးကွယ်ထားကြပါတယ်။ ဒီဥပဒေကို ချိုးဖောက်မှုအတွက် ဆန္ဒပြသူတွေဟာ ထောင်ဒဏ်အမြင့်ဆုံး တနှစ်ထိ ချမှတ် ခံရနိုင်ပါတယ်။ ဒီစည်းမျဉ်းအသစ်နဲ့ ပတ်သက်ပြီး လူတချို့ကို ရဲတွေက ဖမ်းပြီးပါပြီ။ တချို့ ဆန္ဒပြ သူတွေဟာ လက်နောက်ပြန်ချည်ထားပြီး မြေပေါ်မှာ လှဲနေခဲ့ကြပါတယ်။  အောက်တိုဘာ ၆ ရက်နေ့ အကြီးစား ဆန္ဒပြပွဲ ၂ ရပ်ကို အာဏာပိုင်တွေက ထိန်းချုပ်ခဲ့ပါတယ်။ အောက်တိုဘာ ၄ ရက်နေ့ အကြမ်းဖက်ဆန္ဒပြပွဲတွေကြောင့် အာရှရဲ့ ဘဏ္ဍာရေးအချက်အချာ ဟောင်ကောင်မှာ လုပ်ငန်းအားလုံး အောက်တိုဘာ ၅ ရက်နေ့မှာ ပိတ်ထားခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up