အီရတ် ဆန္ဒပြပွဲ ပဋိပက္ခအတွင်း သေဆုံးသူ ၁၀၀ ကျော်ရှိပြီ

Photo : REUTERS/Wissm al-Okili
1.3K
အီရတ်နိုင်ငံမှာ ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ငါးရက်ကြာ ထိပ်တိုက်တွေ့ခဲ့ကြလို့ သေဆုံးသူ ဦးရေဟာ အောက်တိုဘာ ၆ ရက်မှာ လူအယောက် ၁၀၀ ကျော်သွားပါပြီ။
ပြုပြင်ပြောင်းလဲရေးတွေကို ကြေညာပြီး အဂတိလိုက်စားမှုနဲ့ အလုပ်လက်မဲ့ ပြဿနာအပေါ် ပြည်သူတွေရဲ့ ဒေါသကို ဖြေလျှော့ဖို့ အစိုးရက ကြိုးစားနေပါတယ်။
အောက်တိုဘာ ၁ ရက်က စတဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးသူဦးရေဟာ ၁၀၄ ယောက် ရှိပြီး လူအယောက် ၆ ထောင်ကျော် ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါပေမဲ့ အစိုးရတပ်တွေက ဆန္ဒပြသူတွေကို တိုက်ရိုက်ပစ်ခတ်တာ မလုပ်ခဲ့ဘူးလို့ သူက ငြင်းပါတယ်။ သေဆုံးသူတွေထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၈ယောက်လည်း ပါပါတယ်။
ဝန်ကြီးချုပ် အဘ်ဒယ်အဘ်ဒူလ်မာဒီ အစိုးရအတွက် ဆန္ဒပြပွဲတွေဟာ လုံခြုံရေးနဲ့ နိုင်ငံရေးဆိုင်ရာ အကြီးဆုံး စိန်ခေါ်မှုပါ။ သြဇာကြီးတဲ့ ပြည်သူ့စစ်အုပ်စုတွေ ပါဝင်ပတ်သက်လာနိုင်တဲ့ အကြမ်းဖက်မှု အသစ်တွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
ရေနံထုတ်လုပ်တဲ့ အီရတ်နိုင်ငံမှာ အိုင်အက်စ်စစ်သွေးကြွတွေကို နှိမ်နင်းပြီးပြီလို့ ကြေညာအပြီး ၂ နှစ်အကြာမှာ လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာပေမယ့် အဂတိလိုက်စားမှုတွေ ထူပြောနေသလို ပြိုပျက်နေတဲ့ အခြေခံအဆောက်အဦတွေလည်း ပြန်မတည်ဆောက်ရသေးပါဘူး။ အလုပ်အကိုင်တွေလည်း ရှားပါးနေပါတယ်။