ဧရာဝတီတိုင်းအတွင်း စွယ်စုံဆင် ၁၀ ကောင်ခန့်သာကျန်ရှိ

ဧရာဝတီတိုင်းအတွင်းမှာ စွယ်စုံဆင်အရေအတွက် ၁၀ ကောင်လောက်သာ ကျန်တော့တယ်လို့  သစ်တောလုံခြုံရေးတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဝင်းထွန်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ တောဆင်ရိုင်းတွေဟာ ဆင်ပစ်မုဆိုးတွေရဲ့ နှစ်စဉ်သတ်ဖြတ်တာခံနေရပြီး  အရင်က စွယ်စုံဆင်တွေကို ဆင်စွယ်အတွက် သတ်ဖြတ်ရာကနေ လက်ရှိမှာတော့ ဆင်အရေခွံကိုပါ ယူတာဖြစ်တဲ့အတွက် ဟိုင်းဆင်တွေပါ အသတ်ခံနေရတာပါ။ တောဆင်ရိုင်းတွေကို ရာသီဥတုဆိုးရွားချိန်နဲ့ ပွဲတော်ရက်တွေမှာ သတ်ဖြတ်တာပိုများသလို စွယ်စုံဆင်အရေအတွက်ဟာ တောဆင်ရိုင်းအများဆုံးရှိတဲ့ ဧရာဝတီတိုင်းမှာတောင် ၁၀ ကောင်အောက်သာ ကျန်တော့တယ်လို့ သစ်တောလုံခြုံရေးတပ်ဖွဲ့ တပ်ဖွဲ့ခွဲမှူးဒုတိယရဲမှူးကြီး ဝင်းထွန်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ သစ်တောဥပဒေအပြင် သဘာဝသစ်ပင်ပန်းမန်များနဲ့ တောရိုင်းတိရစ္ဆာန်များကာကွယ်ရေးဥပဒေသစ်ကို ပြဋ္ဌာန်းထားပြီး အရင်က ထောင်ဒဏ် ၃ နှစ်ပဲ ရှိရာကနေ လက်ရှိမှာတော့ အနိမ့်ဆုံး ထောင်ဒဏ် ၇ နှစ်ကနေ ၁၀ နှစ်အထိ ပြစ်ဒဏ်သတ်မှတ်ထားသလို ဒဏ်ငွေကလည်း အနိမ့်ဆုံး ၁၅ သိန်းကနေ သိန်း ၂၀ အထိ ပြင်ဆင်ထားပါတယ်။ တောဆင်ရိုင်းတွေ သတ်ဖြတ်တာ လျော့နည်းအောင် သစ်တော်ဌာန တာဝန်ရှိသူတွေ၊ နယ်မြေခံရဲ တပ်ဖွဲ့နဲ့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့တွေပူးပေါင်းပြီး လှည့်လည်စစ်ဆေးတာတွေကြောင့် တောဆင်ရိုင်းသတ်ဖြတ်ခံရတာ အရင်ထက်လျှော့ ကျလာတယ်လို့ ဒုရဲမှူးကြီး ဝင်းထွန်းက ပြောပါတယ်။ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေအရ ၂၀၁၆ ခုနှစ်မှာ တောဆင်ရိုင်း ၁၈ ကောင် ဥပဒေမဲ့သတ်ဖြတ်မှုခံခဲ့ရပြီး ၂၀၁၇ ခုနှစ်မှာ အကောင်ရေ ၃၀ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ်စာရင်းတွေအရ  လက်ရှိမှာ တောဆင်ရိုင်းအတွက်ဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အကောင်ရေ ၁၄၀၀ ကနေ ၂၀၀၀ အတွင်းသာ ကျန်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up