Homeမြန်မာသတင်း
ညောင်လေးပင်တွင် ဓာတ်တိုင်ကျိုးကျပြီး လူသေဆုံးခဲ့ရမှုကို အရေးယူရန် ဒေသခံများ တောင်းဆို
ညောင်လေးပင်တွင် ဓာတ်တိုင်ကျိုးကျပြီး လူသေဆုံးခဲ့ရမှုကို အရေးယူရန် ဒေသခံများ တောင်းဆို
DVB
·
October 7, 2019
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှာ အောက်တိုဘာ ၆ ရက်ညက ဓာတ်တိုင်ကျိုးကျပြီး လူတဦး သေဆုံးခဲ့ကာ တဦး ဒဏ်ရာရရှိခဲ့တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကို အရေးယူဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
ညောင်လေးပင်မြို့မ ၄ ရပ်ကွက်၊ ဇေယျာမင်းလွင်လမ်းမှာရှိတဲ့ လမ်းမီးတိုင်တွေ ဆွေးမြည့်နေလို့ အန္တရာယ်ရှိတာကြောင့် လမ်းသူလမ်းသား စုပေါင်းငွေနဲ့ ကိုယ်ထူကိုယ်ထ ပြုပြင်ပေးဖို့ မြိုနယ်လျှပ်စစ်အင်ဂျင်နီယာမှူးကို ငွေပေးခဲ့ပေမယ့် တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ လုပ်ဆောင်ခဲ့မှုကြောင့် လူတဦး သေဆုံးခဲ့ရတာဖြစ်တယ်လို့ ရပ်မိရပ်ဖ ဦးမောင်ငွေက ပြောပါတယ်။
“ညောင်လေးပင်မြို့မှာ အကြီးဆုံးဖြစ်တဲ့ မြို့မှူးကို လမ်းမီးတိုင်တွေ အသစ်လဲရင် ဘယ်လောက်ကုန်မလဲဆိုပြီး တွက်ချက်ခိုင်းတယ်။ သူက ကျပ် လေးသိန်းကုန်မယ်ဆိုလို့ လမ်းသူလမ်းသားတွေရဲ့ စုပေါင်းငွေကို ရပ်မိရပ်ဖတွေနဲ့အတူ ပိုက်ဆံနှစ်သိန်း ပေးခဲ့တယ်။ ကျန်တဲ့ငွေကို တပ်ဆင်ပြီးတာနဲ့ပေးမယ်ဆိုပြီး ပြောခဲ့တာ။ ဓာတ်မီးတိုင်တွေပဲ လာစိုက်တယ်၊ အဟောင်းတိုင်တွေကို အသစ်တိုင်မှာ မပြောင်းဘူး။ ပစ္စည်းတွေလည်း ဝယ်ထားပြီးပြီး၊ ခုမီးလည်း ပြတ်ရော အန္တရာယ်ရှိတဲ့ ဓာတ်တိုင်ပေါ် တက်မိလို့ ရပ်ကွက်ထဲက လျှပ်စစ်ဝန်ထမ်းတဦး သေပြီ။”
အောက်တိုဘာ ၆ ရက် ညနေက မြို့ မ ၄ ရပ်ကွက် ဇေယျာမင်းလွင်လမ်းမှာ မီးမလာတာကြာင့် လျှပ်စစ်ဝန်ထမ်း ကိုဘိုဘိုဟန်နဲ့ ကိုအောင်မြတ်သူတို့ နှစ်ဦး ဓာတ်မီးတိုင်ပေါ် တက်ပြီး ပြုပြင်နေချိန် ဓာတ်မီးတိုင်ကျိုးကျပြီး တဦး သေဆုံးကာ တဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
အန္တရာယ်ရှိတဲ့ လမ်းမီးတိုင်တွေမှန်း သိရက်သားနဲ့ ပိုက်ဆံနှစ်သိန်း မပေးလို့ လာရောက် တပ်ဆင်ပေးခြင်း မရှိတာဟာ မဖြစ်သင့်တဲ့ ကိစ္စတခုဖြစ်ပြီး မြို့မှူးရဲ့ ပေါ့ဆမှုကြောင့် အောက်ခြေဝန်ထမ်းတွေ မသေသင့်ဘဲ သေခဲ့ရတာဟာ မြို့နယ်လျှပ်စစ်မှူးမှာ တာဝန်အပြည့်ရှိတာကြောင့် အထက်အဆင့်လူကြီးတွေအနေနဲ့ အရေးယူပေးဖို့ တောင်းဆိုချင်တယ်လို့ ရပ်မိရပ်ဖ ဦးစိုးဝင်းက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူးကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အလုပ်မအားတာကြောင့် ပြန်လည် မဖြေကြားနိုင်သေးဘူးလို့ ပြောပါတယ်။
သေဆုံးမှုနဲ့ပတ်သက်ပြီး ညောင်လေးပင်မြို့မရဲစခန်းက ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေပြီး သေမှုသေခင်း အမှတ် ၁၆/၂၀၁၉နဲ့ အမှုဖွင့်ထားပါတယ်။
နေလင်းထိုက်