Homeမြန်မာသတင်း
မူးယစ်ဆေးသတင်းပေးရာတွင် အစိုးရကဖမ်းဆီးခြင်းမရှိသဖြင့် ကိုယ်တိုင်ဝင်ဖမ်းနေရဟု ကေအန်ပီပီပြော
မူးယစ်ဆေးသတင်းပေးရာတွင် အစိုးရကဖမ်းဆီးခြင်းမရှိသဖြင့် ကိုယ်တိုင်ဝင်ဖမ်းနေရဟု ကေအန်ပီပီပြော
နော်နိုရင်း
·
October 7, 2019
မူးယစ်ဆေးဝါကိစ္စနဲ့ပတ်သက်ပြီး သတင်းပေးတဲ့အခါမှာ အစိုးရက ဖမ်းဆီးမှုမလုပ်တဲ့အတွက် ကိုယ်တိုင်ဝင်ရောက်ဖမ်းဆီးရတာတွေရှိတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့် ကပြောပါတယ်။
အောက်တိုဘာ ၅ ရက်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ နှောင်လိုင်ကျေးရွာမှာ ပြုလုပ်တဲ့ စုပေါင်းအဲ့ဒိုပေါ်မီပွဲတော်မှာ အမှာစကားပြောကြားစဉ် ဦးရွှေမျိုးသန့်က ထည့်သွင်း ပြောကြားသွားတာပါ။
“ကျနော်တို့ ပြည်နယ်နဲ့ ပြည်ထောင်စုအစိုးရနဲ့ ဆွေးနွေးတဲ့အခါမှာ သဘောတူညီချက်တွေထဲ မှာ မူးယစ်ဆေးဝါးအတူတကွ တိုက်ဖျက်မယ်ဆိုတာ ပါပါတယ်။ ဒါပေမယ့် တကယ်တမ်း ကျနော်တို့ သူတို့ကို ဒီကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ပြောတဲ့အခါကျတော့ ခင်ဗျားတို့က တရားမဝင်သေးဘူး။ သတင်းပဲ ပေးပါ။ ဖမ်းစရာရှိတာ၊ ဆီးစရာရှိတာ ဖမ်းပါမယ်လို့ ပြောပါတယ်။ ကျနော်တို့ သတင်းပေးပါတယ်။ မဖမ်းပါဘူး။ မဖမ်းတော့ ကျနော်တို့လည်း ဝင်ဖမ်းရတာပါ။ ဒါတည့်တည့်ပဲ ပြောတာပါ။”
သိပ်မကြာခင်ကလည်း ရှမ်း-ကယားနယ်စပ်မှာ မူးယစ်ဆေးဝါးပြဿနာ ဖြစ်ပွားပြီး ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အစိုးရ နှစ်ဖက်စလုံးက လက်လှမ်းမီတဲ့အတွက် ကေအန်ပီပီက ဝင်ရောက်ရှင်းလင်းဖို့ တပ်အင်အား ၇၀ နဲ့ သွားရောက်စဉ် တပ်မတော်က ပြန်ဆုတ်ခိုင်းလို့ ဆုတ်ခွာပေးခဲ့ရတယ်လို့ ဦးရွှေမျိုးသန့်က ပြောပါတယ်။
“မူးယစ်ဆေးဝါးတွေက ရှမ်းကယားနယ်စပ်မှာ ပြဿနာတက်လာတယ်။ ပြည်နယ်အစိုးရ လက်လှမ်းမမှီဘူး။ နှစ်ဖက်လုံး လက်လှမ်းမမှီဘူး။ မမှီတဲ့အခါ ပြည်နယ်လူထုက ခင်ဗျားတို့ ဝင်ရှင်းပါ။ မရတော့ဘူး ဒီမှာ မူးယစ်ဆေးဝါးတွေဟာ တော်တော်ဆိုးဆိုးရွားရွား ဖြစ်ပျက်နေပြီ။ ခင်ဗျားတို့ဝင်ထိန်းမှရမယ်ဆိုလို့ ကျနော်တို့ ရဲဘော် (၇၀) လက်နက်အပြည့်စုံနဲ့ လွှတ်လိုက်ပါတယ်။ အဲဒီမှာ စစ်တပ်က ခင်ဗျားတို့ ဘာလာလုပ်တာလဲ။ ခင်ဗျားတို့ ပြန်ဆုတ်၊ မဆုတ်ရင် တိုက်မယ်တဲ့။ ဒါ့ကြောင့် ငြိမ်းချမ်းရေးဟာ ကျနော်တို့ ဘယ်လောက်ထိ သီးခံပြီးတော့ ထိန်းသိမ်းနေရသလဲ ဆိုတာကို ပြောပြချင်ပါတယ်။ ကျနော်တို့ ဒီလိုလွှတ်လာတာဟာ စစ်တပ်ကိုတိုက်ဖို့လည်း မဟုတ်ဘူး၊ ပြည်နယ်အစိုးရကို တိုက်ဖို့လည်းမဟုတ်ဘူး။ ဘယ်သူ့ကိုမှ ဒုက္ခပေးဖို့လည်းမဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်ပြည်နယ်နဲ့ ပြည်သူလူထုကို ထိပါးနှောင့်ယှက်နေတဲ့ မူးယစ်ဆေးဝါးပြဿနာကို ရှင်းဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်။ အမျိုးသားရေး တာဝန်ဖြစ်ချထားတဲ့အတွက်ကြောင့် ကျနော်တို့ လုပ်ဆောင်တာဖြစ်တယ်။”
အဲဒီအခမ်းအနားကိုတက်ရောက်ခဲ့တဲ့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးကလည်း မူးယစ်ဆေးဝါးကိစ္စကို အမျိုးသာရေးတာဝန်တရပ်အနေနဲ့ ပူးပေါင်းတိုက်ဖျက်ပေးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
“ကျနော်တို့ ကယားပြညနယ်ဟာ မူးယစ်ဆေးဝါးမထိမ်းချုပ်ရင် လာမယ့်အနှစ် ၅၀မှာ ကျနော်တို့လက်ရှိ ကချင်ပြည်နယ် ဖားကန့်ထက်ဆိုးမယ်တဲ့အကြောင်းအရာလေးဖတ်မိပါတယ်။ အခုလက်ရှိမှာ ကျနော်တို့ရဲ့ သားသမီးတွေ ဘာမှမဖြစ်သေးဘူး။ ကျနော်တို့ ဘာမှမဖြစ်သေးဘူး ဆိုပေမယ့် ကျနော်တို့နောက်လာမယ့် မျိုးဆက်တွေအတွက် ကျနော်တို့ရည်ရွယ်ပြီးမှ အားလုံး တဦးချင်းတယောက်ချင်းအကုန်လုံးပူးပေါင်းပြီးမှ အမျိုးသားရေးတာဝန်တရပ်အနေနဲ့ ထမ်းဆောင်ပေးပါလို့ မေတ္တာရပ်ခံပါတယ်။”
ပြီးခဲ့တဲ့ဇူလိုင် ၁၂ ရက်က အိုက်စ်မူးယစ်ဆေးဝါးအပါအဝင် အက်ဖက်သမင်းနဲ့ အဖြူရောင်အမှုန့်တွေ ပါဝင်တဲ့ မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ကား သုံးစီးကို လွိုင်ကော်- မိုးဗြဲကားလမ်း လင်းဖုံလေးလမ်းဆုံမှာဖမ်းဆီးရမိခဲ့ပါတယ်။
အဆိုပါမူးယစ်ဆေးဝါးတွေဟာ ကျပ်သိန်းပေါင်း ၁၆၀၀၀၀ ကျော်တန်ဖိုးရှိပြီး လွိုင်ကော်ခရိုင်မှာ အများဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။