Home
မြန်မာသတင်း
ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရန် ကုမ္ပဏီနှင့်ညှိနှိုင်းနေဟု လျှပ်စစ်ဝန်ကြီးပြော 
DVB
·
October 7, 2019
တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးဖို့ GGS ကုမ္ပဏီနဲ့ ညှိနှိုင်းနေပြီး လက်တလောအချိန် မီးမပြတ်အောင် ဆောင်ရွက်နေတယ်လို့  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောပါတယ်။ ထားဝယ်ခရိုင်အတွင်းမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးတဲ့ လုပ်ငန်းလုပ်ကိုင်ဖို့ တင်ဒါအောင်မြင်ထားတဲ့ Petro & Trans ကုမ္ပဏီက တာဝန်ယူ မဆောင်ရွက်မီ အဆိုပါလုပ်ငန်း လုပ်ကိုင်ဖို့ GGS ကုမ္ပဏီနဲ့ ညှိနှိုင်းနေတာလို့ ဆိုပါတယ်။ “မီးတော့ မပြတ်ခိုင်းဘူး၊ ဒါပေမဲ့ ညှိနေရတယ်” လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ က ဆိုပါတယ်။ GGS ကုမ္ပဏီအား တိုင်းဒေသကြီးအစိုးရအဖွဲ့က ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးဖို့ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ခွင့်ပြုထားပြီး တင်ဒါအောင်မြင်ထားတဲ့ Petro & Trans ကုမ္ပဏီကလည်း  တင်ဒါစည်းကမ်းအရ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးတဲ့ လုပ်ငန်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကြားကာလမှာ တိုင်းဒေသကြီးအစိုးရက Petro & Trans ကုမ္ပဏီအား ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးဖို့ ကူညီတောင်းရာ ဂက်စ်အင်ဂျင်ပိုင်ရှင်ဖြစ်တဲ့ AGGREKO ကုမ္ပဏီနဲ့ Petro & Trans ကုမ္ပဏီတို့ ညှိနှိုင်းရာမှာ သဘောတူညီမှုမရရှိဘူးလို့ ဝန်ကြီးက ဆိုပါတယ်။ GGS ကုမ္ပဏီဟာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဖြန့်ဖြူးခြင်းလုပ်ငန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့ကစပြီး  ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကုန်အထိ လုပ်ကိုင်ခဲ့တာပါ။ လက်ရှိ ကြားကာလမှာ အဆိုပါလုပ်ငန်းဆောင်ရွက်ပေးဖို့အတွက် GGS ကုမ္ပဏီနဲ့ ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။ GGS ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမြတ်သူနိုင်အား မေးမြန်းရာမှာတော့ ကြားကာလ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီး တရားဝင်ဖြေကြားနိုင်မှု မရှိသေးပါဘူးလို့  ပြောပါတယ်။ ထားဝယ်ခရိုင်အတွင်း ပြည်သူတွေအနေနဲ့ လျှပ်စစ်မီး ပြတ်တောက်ပါက GGS ကုမ္ပဏီနဲ့ EPC ကို ဆက်သွယ်နိုင်တယ်လို့  ဝန်ကြီး ဦးအောင်သူရက ဆိုပါတယ်။ လက်ရှိမှာ တနင်္သာရီတိုင်း ထားဝယ်ခရိုင်းအတွင်း  လျှပ်စစ်ဓာတ်အား ၁၄ မီဂ္ဂါဝပ် သုံးစွဲနေပြီး ဓာတ်အားသုံးစွဲခ တယူနစ်ကို ၂၅၀ ကျပ်နှုန်းနဲ့ ကောက်ခံနေပါတယ်။ ကြားကာလမှာလည်း တစ်ယူနစ်ကို ၂၅၀ ကျပ်ကောက်ခံမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဓာတ်အားသုံးစွဲမှု မြှင့်တဲ့ သီတင်းကျွတ်ပွဲတော်ကာလမှာ ဗို့အားသုံးစွဲမှု လုံလောက်အောင် စီစဉ်ထားပေးတယ်လို့ ဝန်ကြီးက ပြောပါတယ်။ တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်း မီတာလုံးရေ ၆ သောင်းကျော် သုံးစွဲနေတယ်လို့ သိရပါတယ်။ လျှပ်စစ်မီတာခဈေးနှုန်း ကြီးမြှင့်မှုဒဏ်ခံနေရတဲ့ ထားဝယ်ဒေသခံတွေဟာ အစိုးရ သတ်မှတ်စျေးအတိုင်း လျှပ်စစ်မီတာခ တန်းတူညီမျှရေးအတွက် ထားဝယ်မြို့မှာ  ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024