အီကွေဒေါ ဆန္ဒပြပွဲများအတွင်း လူအယောက် ၃၇၀ အဖမ်းခံရ

အီကွေဒေါ နိုင်ငံအတွင်း ခြိုးခြံချွေတာရေးမူဝါဒကို ဆန့်ကျင်ဆန္ဒပြပွဲတွေအတွင်း လူအယောက် ၃၇၀ အဖမ်းခံရပါတယ်။  ဆန္ဒပြသူတွေက အောက်တိုဘာ ၃ ရက်က စပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအား ဟန့်တားပြီး လမ်းတွေကို ပိတ်ဆို့ထားခဲ့တာကြောင့် ရဲတွေနဲ့လည်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။  သမ္မတ လေနင်မိုရေနိုက လောင်စာဆီ အမတော်ကြေး အစီအစဉ်ကို ပယ်ဖျက်လိုက်လို့ နိုင်ငံတွင်း မငြိမ်မသက် ဖြစ်ခဲ့တာပါ။ ရေနံထုတ်လုပ်သူ အီကွေဒေါနိုင်ငံဟာ လက်ဝဲယိမ်း သမ္မတ ရာဖှယ်ကော်ရီယာ လက်ထက်မှာ နှစ်နဲ့ချီပြီး လောင်စာဆီ အမတော်ကြေး ရခဲ့တာပါ။ ဒါပေမယ့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ အမေရိကန် ဒေါ်လာ ၄ ဒသမ ၂ ဘီလျံတန် သဘောတူညီချက်အရ ဘဏ္ဍာရေး အသုံးစရိတ်ကို တင်းကြပ်ရေး အကောင်အထည် ဖော်ခဲ့ရပါတယ်။  ကုန်းမြင့်မြို့တော် ကွေတိုကနေ ပင်လယ်ကမ်းရိုးတန်းမြို့ ဂွါယာကေး မြို့ထိ ဘတ်စ်ကားတွေ နဲ့ အငှားယာဉ်တွေ သောကြာနေ့က ရပ်တံ့နေပါတယ်။  ဆန္ဒပြသူတွေက လမ်းတွေကို တာယာတွေ၊ ကျောက်တုံးတွေ၊ သစ်ကိုင်းတွေနဲ့ ပိတ်ထားခဲ့တာပါ။  ပုံမှန် ပြန်ဖြစ်ရေး ခရိုင်တချို့က ဆန္ဒပြပွဲတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖြေရှင်းခဲ့ပြီးပြီလို့ အစိုးရကပြောပါတယ်။   ၂၀၁၇ ရွေးကောက်ပွဲမှာ လူကြိုက်များမှု ၇၀ ရာခိုင်နှုန်း အထက်မှာ ရှိခဲ့တဲ့ သမ္မတမိုရေနိုရဲ့ လူကြိုက်များမှုက ခုတော့ ၃၀ ရာခိုင်နှုန်း အောက်ကို ရောက်သွားပါတယ်။  ဒါပေမယ့် စီးပွားရေး လုပ်ငန်းရှင်တွေ၊ စစ်တပ်ထဲက သစ္စာခံသူတွေရဲ့ ထောက်ခံမှုအပြင် အားကောင်းတဲ့ အတိုက်အခံ ကင်းမဲ့တာတွေကြောင့် သူ့ရဲ့ နိုင်ငံရေး အရ နေရာရမှုက ပိုခိုင်မာလာပုံ ပေါ်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။  အီကွေဒေါ နိုင်ငံမှာ ၂၀၀၇ ခုနှစ်မတိုင်ခင် ဆယ်စုနှစ်တခုအတွင်း စီးပွားရေး အကြပ်အတည်း တွေကြောင့် ဆန္ဒပြပွဲတွေ ပေါ်ပေါက်အပြီး သမ္မတ ၃ ဆက် ပြုတ်ကျခဲ့ ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up