အမေရိကန်နှင့်မြောက်ကိုရီးယား ဆွီဒင်နိုင်ငံတွင် ဆွေးနွေး
အမေရိကန်နဲ့ မြောက်ကိုရီးယား အရာရှိတွေဟာ နျူကလီးယားလက်နက် ဖြုတ်သိမ်းရေး ဆွေးနွေးပွဲကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့စွန်က သီးခြားညီလာခံခန်းမမှာ အောက်တိုဘာ ၅ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့ ဇွန်လကတွေ့အပြီး နောက်ပိုင်းမှာ ပထမဆုံး တရားဝင် လုပ်ငန်းအဆင့် ဆွေးနွေးပွဲဖြစ်လာမှာပါ။
ဘောလ်တစ်ပင်လယ် လီဒင်ဂိုကျွန်းပေါ်က ညီလာခံခန်းမဆီကို လာရာလမ်းတွေကို ရဲတွေက ပိတ်ဆို့ထားပါတယ်။
အမေရိကန် အထူးကိုယ်စားလှယ် စတီဖှင်ဘေးဂန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ကိုရီးယားကိုယ်စားလှယ် ကင်မ်မြောင်ဂီးလ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံကြတာလို့ သိရပါတယ်။
အရေးကြီး ပုဂ္ဂိုလ်တွေ လိုက်ပါလာတဲ့ ယာဉ်တန်းဟာ စနေမနက်ပိုင်းက ဌာနထဲ ဝင်သွားပြီး မြောက်ကိုရီးယား အရာရှိတွေ ပါတယ်လို့ ရဲအရာရှိ တယောက်က အတည်ပြုပါတယ်။
ဆွီဒင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကတော့ ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး ဘာတခုမှ အတည်မပြုဘဲ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။