
လက်ရှိမှာ ယူနီကုဒ် ပြောင်းလဲ အသုံးပြုနေကြပြီ ဖြစ်ပေမယ့် ဇော်ဂျီဖောင့်ကို လုံးဝ လက်လွှတ်မရနိုင်သေးဘူးလို့ စစ်ကိုင်းတိုင်း ကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌက ပြောပါတယ်။
“ဇော်ဂျီကိုတော့ လုံးဝလက်လွှတ်လို့ မရသေးဘူး။ စီးပွားရေးလုပ်ငန်းတွေ တော်တော်များများမှာတော့ လူတိုင်း ပြောင်းပြီဆိုတော့မှပဲ အဲဒီအဆင့်ကို ရောက်မှာ။ အခုက ယူနီကုဒ်ကို ပြောင်းလိုက်တယ်။ ဖုန်းတလုံးကို ပြောင်းလိုက်တယ်ဆိုရင် နောက် ဖုန်းတလုံးကတော့ ဇော်ဂျီနဲ့ ထားရတယ်။ ပစ္စည်းတွေဘာတွေ မှာတဲ့အခါ ဇော်ဂျီနဲ့ သုံးထားတာဆိုရင် ဇော်ဂျီနဲ့ ပြန်ကြည့်ရတယ်။ အဲလိုမှ မဟုတ်ရင် ကြည့်လို့မရတာတွေ ဘာတွေ ဖြစ်တဲ့အတွက် လောလောဆယ်တော့ ဇော်ဂျီလည်း သုံးနေရဦးမှာပဲ” လို့ စစ်ကိုင်းတိုင်း ကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမြတ်မင်းသိန်းက ပြောပါတယ်။
ယူနီကုဒ်ဟာ မြန်မာဘာသာစံအဖြစ် ထားရှိထားတဲ့ ဖောင့်တခု ဖြစ်ပေမယ့် လက်တလောမှာ မြန်မာဘာသာကနေ တခြားဘာသာကို ပြန်ဆိုရာမှာတော့ အဓိပ္ပာယ် လွဲမှားတာတွေလည်း ရှိနေပါတယ်။
လက်ရှိမှာအချိန်တော့ ယူနီကုဒ် စတင်သုံးစွဲတဲ့ကာလ ဖြစ်နေတဲ့အတွက် လူမှုကွန်ရက်တွေမှာတော့ တယောက်နဲ့တယောက် ဆက်သွယ်ပြောဆိုရာမှာ ဖောင့်အမျိုးအစား ကွဲမှုတွေကြား အခက်ခဲတွေလည်း ဖြစ်နေပါသေးတယ်။
စစ်ကိုင်းတိုင်း ကွန်ပျူတာလုပ်ငန်းရှင်များ အသင်းအနေနဲ့ ယူနီကုဒ်နဲ့ ပတ်သက်ပြီး ပြည်သူတွေ ကျွမ်းကျင်စွာ သုံးတတ်နိုင်စေဖို့နဲ့ သုံးစွဲမှုနဲ့ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာတွေကို တိုင်းဒေသကြီးအတွင်းမှာ လိုက်လံဖြန့်ဝေပေးနေတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့က စလို့ အစိုးရဌာနဆိုင်ရာတွေမှာ ယူနီကုဒ်ပြောင်းလဲ အသုံးပြုနေကြပြီဖြစ်ပြီး သာမန်သုံးစွဲသူ တော်တော်များများလည်း ပြောင်းလဲ သုံးစွဲလာတာကိုလည်း တွေ့ရပါတယ်။
ယူနီကုဒ် သုံးစွဲဖို့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုက်တွန်းထားပါတယ်။
ရန်နိုင်စိုး