ဆီးရီးယားနယ်စပ် အခြေစိုက်စခန်းသို့ တူရကီ တပ်ကူများ စေလွှတ်

တူရကီအစိုးရဟာ ဆီးရီးယားနယ်စပ်မှာ အခြေစိုက်ထားတဲ့ စစ်တပ်တွေဆီကို တပ်ကူတွေ စေလွှတ်နေတယ်လို့ အစိုးရသတင်းဌာန အနာဒိုလူက ပြောပါတယ်။
သံချပ်ကာကားတွေ တင်ထားတဲ့ ကုန်ကား ၉ စီးနဲ့ စစ်ဘက်အရာရှိတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကား ၁ စီးတို့ကို တူရကီအရှေ့တောင်ပိုင်း နယ်စပ်ခရိုင် အက်ကာခါလေမြို့ဆီ စေလွှတ်ပြီးပြီလို့ အနာဒိုလူသတင်းဌာနက အောက်တိုဘာ ၅ ရက် နှောင်းပိုင်းမှာ ပြောပါတယ်။
တပ်ကူဟာ ဆီးရီးယား အရှေ့မြောက်ပိုင်းကို ကျူးကျော်တိုက်ခိုက်ဖို့ အစီအစဉ်အတွက် စစ်ပြင်တာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဆီးရီးယားနိုင်ငံ ယူဖှရေးတီးမြစ် အရှေ့ဘက်ကမ်းမှာ ဘယ်အချိန်မဆို မြေပြင်နဲ့ဝေဟင် စစ်ဆင်ရေးတွေ စနိုင်တယ်လို့ တူရကီသမ္မတ တေယစ်အာဒိုဂန်က စနေအစောပိုင်းမှာ ပြောထားပါတယ်။
အမေရိကန်အစိုးရဟာ ဆီးရီးယားနိုင်ငံသား ကာဒစ်ရှ် တိုက်ခိုက်ရေးသမားတွေကို တူရကီ နယ်စပ်ကနေ နှင်ထုတ်ဖို့ လုံလောက်အောင် အားမထုတ်ဘူးလို့လည်း အာဒိုဂန်က စွပ်စွဲ ထားပါတယ်။
တူရကီနဲ့ ဆီးရီးယား မြောက်ပိုင်းနယ်စပ်မှာ ကြားခံဇုန်တည်ထားရေး နေတိုးမဟာမိတ် တူရကီနဲ့ အမေရိကန်တို့ သြဂုတ်လက သဘောတူထားပါတယ်။
ဒါပေမယ့် ဆီးရီးယားနိုင်ငံထဲက အိုင်အက်စ်စစ်သွေးကြွတွေကို နှိမ်နင်းခဲ့တဲ့ ကာဒစ်ရှ် YPG အုပ်စုကို အမေရိကန်က ကူညီနေလို့ ဇုန်ဖန်တီးရေး နှေးကွေးနေတယ်လို့ တူရကီက စွပ်စွဲထားပါတယ်။