နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဖြိုးဝေအောင် ကွယ်လွန်
DVB
·
January 4, 2013
၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှုနဲ့ စွပ်စွဲခံရပြီး သေဒဏ်ချမှတ်ခံပြီးမှ မနှစ်ဩဂုတ်လမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ကိုဖြိုးဝေအောင်ဟာ ဒီနေ့ မနက်ပိုင်းမှာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်တယ်လို့ မိသားစုဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
[caption id="attachment_21482" align="alignleft" width="150" caption="ကိုဖြိုးဝေအောင်"][/caption]
“အခြေအနေကတော့ ဆေးရုံမှာပဲ ကုသဖို့အတွက်ကလည်း နောက်ဆုံးအဆင့်အနေအထားဖြစ်နေတော့ ဘာမှလုပ်ပေးလို့မရဘဲ အိမ်ပြန်ခေါ်လာတာ ဒီနေ့နဲ့ဆို ၁၈ ရက်မြောက်ပေါ့။ မနက် ၃ နာရီမှာပဲ ကွယ်လွန်သွားတယ်။”
ကိုဖြိုးဝေအောင်ဟာ အင်းစိန်ထောင်အတွင်းမှာ ကျခံရစဉ် ရောဂါကို ပြင်းပြင်းထန်ထန် ခံစားရပြီး ထောင်ထဲမှာ ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတဲ့အတွက် ရောဂါက ကျွမ်းတဲ့အဆင့်ရောက်ရှိသွားပုံကို ညီဖြစ်သူက အခုလို ပြောပါတယ်။
“အသည်းကင်ဆာဖြစ်ရတဲ့အကြောင်းရင်းက ထောင်ထဲမှာနေတဲ့အချိန် ထိရောက်တဲ့ ဆေးကုသခွင့် မရတဲ့အချိန်မှာ နောက်ဆုံး ဒုတိယအဆင့်ကို ရောက်နေတဲ့ အခြေအနေမျိုးကနေ စဖြစ်တာပါပဲ။”
ကိုဖြိုးဝေအောင်ဟာ ၂၀၁၀ ခုနှစ် X2O ရန်ကုန်သင်္ကြန်ဗုံးခွဲမှုနဲ့ ပတ်သတ်တယ်ဆိုတဲ့ သံသယနဲ့ ဧပြီလမှာ ဖမ်ဆီးခံခဲ့ရတာဖြစ်ပြီး ၂ နှစ်ကြာ စစ်ဆေးပြီးတဲ့နောက်မှာ ရန်ကုန်မြောက်ပိုင်းခရိုင် အထူးတရားရုံးကနေ သေဒဏ်ချမှတ်ခဲ့ပါတယ်။
ကိုဖြိုးဝေအောင်ကို တရားရုံးစစ်ဆေးရာမှာလည်း လွတ်လပ်စွာ လုပ်ကိုင်ခွင့်မရသလို၊ ပြန်လည် ချေပပြောဆိုခွင့် မရဘူးလို့ မိသားစုဝင်တွေနဲ့ ရှေ့နေတွေက ဝေဖန်ထောက်ပြခဲ့ကြပါတယ်။
လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာတဲ့ ကိုဖြိုးဝေအောင်ကို လွတ်မြောက်တဲ့နေ့ ဒီဗွီဘီက မေးမြန်းစဉ်မှာ အပြစ်မရှိဘဲ ဖမ်းဆီးနှိပ်စက် ထောင်ဒဏ်ချမှတ်ခံခဲ့ရတာကို ပြောပြဖူးသလို သေဒဏ်ချမှတ်တဲ့အပေါ် အပြစ်မရှိကြောင်း အယူခံတက်မယ့်အကြောင်းနဲ့ ဒီဖြစ်စဉ်ကို သတင်းစာရှင်းလင်းပွဲတခု ခေါ်ယူ ရှင်းလင်းမယ်လို့ ပြောဖူးပါတယ်။
ကိုဖြိုးဝေအောင် အသက် ၃၃ နှစ်ဟာ ကွယ်လွန်ချိန်မှာ ဇနီးသည် မဌေးဌေးနဲ့ သားသမီး ၂ ဦး ကျန်ရစ်ခဲ့ပါတယ်။ ဒီနေ့ နေလယ် ၁ နာရီမှာ အစ္စလာမ် ထုံးစံနဲ့အညီ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။