ကျောင်းဆင်းချိန် ဆရာက တပည့်တယောက်ချင်းစီကို နှုတ်ဆက်သည့်ရုပ်သံ ရေပန်းစား (ရုပ်သံ)
DVB
·
October 6, 2019
ကျောင်းဆင်းချိန်မှာ ဆရာတဦးက တပည့်တွေနဲ့ တယောက်ချင်း နှုတ်ဆက်နေတဲ့ ဗွီဒီယိုဖိုင်တခုကို တင်ထားပြီး လူကြိုက်များနေပါတယ်။
မုံရွာမြို့၊ သက္ကယ်ကျင်းရွာ အလယ်တန်းကျောင်းမှာ ဖြစ်တယ်လို့ ဒီဗွီဒီယိုကိုတင်ထားတဲ့ ဆရာက ဖော်ပြထားပါတယ်။
ဝင်ပေါက်ဘေးမှာ ရေးထားတဲ့ နှုတ်ဆက်ချင်တဲ့ ပုံစံတခုခုကို ကျောင်းသားလေးတွေ ကိုယ်တိုင် ရွေးချယ်ရပြီး သူတို့ရွေးတဲ့ ပုံစံအတိုင်းဆရာနဲ့ နှုတ်ဆက်ပြီး အတန်းထဲက ထွက်ရတာ ဖြစ်ပါတယ်။
နံရံမှာ အသည်းပုံစံ၊ လက်ဝါးပုံစံ၊ လက်ဆွဲနှုတ်ဆက်တဲ့ပုံစံနဲ့ လက်သီးပုံစံ ဆွဲထားပြီး တခုခုကို ကျောင်းသားလေးတွေက ရွေးရပါတယ်။
လက်ဝါးပုံစံကို ရွေးရင် ဆရာနဲ့ လက်ဝါးချင်းရိုက်ရပြီး လက်ဆွဲနှုတ်ဆက်တဲ့ ပုံစံကို ရွေးရင် လက်ဆွဲနှုတ်ဆက်ရပါတယ်။ လက်သီးပုံစံကတော့ ဆရာနဲ့ လက်သီးချင်းတိုက်ရတာ ဖြစ်ပြီး အသည်းပုံစံကို ရွေးရင်တော့ ပွေ့ဖက်နှုတ်ဆက်ရတာပါ။
ဒီဗွီဒီယိုကို ကြိုက်နှစ်သက်ကြောင်း ပြထားသူ ထောင်ချီရှိနေသလို ပြန်ပြီး မျှဝေထားသူလည်း ထောင်ချီရှိပါတယ်။ ပြီးတော့ ချစ်စရာကောင်းကြောင်း၊ ဒီလို ဆရာတွေ အများကြီးလိုကြောင်း စတဲ့ မှတ်ချက်တွေကိုလည်း ပေးထားကြပါတယ်။
ကျောင်းသားလေးတွေဟာ နှုတ်ဆက်ရတဲ့ ပုံစံကို စိတ်ပါလက်ပါ ရွေးချယ်ကြပြီး ပျော်ပျော်ရွှင်ရွှင် နှုတ်ဆက်ကြသလို ပွေ့ဖက်နှုတ်ဆက်တဲ့ ပုံစံကိုလည်း တော်တော်များများ ရွေးချယ်ကြပါတယ်။