ဘရဲဆစ်သဘောတူညီချက်အတွက် အချိန်တိုးပေးရန် ဗြိတိန်ဝန်ကြီးချုပ် အီးယူထံ စာပို့မည်
အောက်တိုဘာ ၁၉ ရက်မှာ ဘရဲဆစ်သဘောတူညီချက်မရရင် အချိန်တိုးပေးဖို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အီးယူဆီ စာပို့လိမ့်မယ်လို့ စကော့ တရားရုံး အထောက်အထားတွေက ဆိုပါတယ်။
ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ အီးယူဆီ အဆိုပြုချက်သစ်တွေ တင်သွင်းထားပါတယ်။ အဲဒီအဆိုပြုချက်တွေက ဗြိတိန်ကို အောက်တိုဘာ ၃၁ ရက်မှာ အီးယူကနေ နုတ်ထွက်စေမယ်ဆိုပြီး ဂျွန်ဆင်က မျှော်လင့်ထားပါတယ်။
အောက်တိုဘာ ၃၁ ရက် နုတ်ထွက်ရေးကို အီးယူက သတ်မှတ်ထားတာပါ။ ဒါပေမဲ့ ဗြိတိန်ပါလီမန်ကို ဝန်ကြီးချုပ်က တရားမဝင် ခေတ္တဆိုင်းငံ့တယ်လို့ တရားရုံးချုပ်ဆုံးဖြတ်ပြီး တပတ်အကြာမှာပဲ ဘရဲဆစ်ဆန့်ကျင်ရေးသမားတွေက သဘောတူညီချက်မရဘဲ အီးယူကနေ မထွက်စေဖို့ တရားသူကြီးတွေကို ဖိအားပေးခဲ့ပါတယ်။
သူတို့တွေက ဘရဲဆစ် သဘောတူညီချက်မရရင် သက်တမ်းတိုးပေးရမယ်ဆိုတဲ့ ပါလီမန် ဥပေဒေကို ဝန်ကြီးချုပ်ကို လိုက်နာစေလိုတာပါ။
သူတို့က တကယ်လို့ ဗြိတိန်ဟာ သဘောတူညီချက်မရဘဲ အီးယူကနေ နုတ်ထွက်ရင် ဆိုးရွားတဲ့ စီးပွားရေးဂယက် ရိုက်ခတ်တာတွေ ကြုံတွေ့ရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။