Home
မြန်မာသတင်း
ရွှေတောင်မြို့နယ်က တပ်မြေသိမ်းပြဿနာ ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် ဒေသခံများ ဆွေးနွေး
ဇေယျာချမ်းအေး
·
October 5, 2019
ရွှေတောင်မြို့နယ်က တပ်မြေသိမ်းပြဿနာအတွက် ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ ဒေသခံ တောင်သူတွေ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်က ဝါးတော၊ ဇယ်မ၊ မဲတော၊ ထန်းကုန်းကျေးရွာအုပ်စုတွေမှာ နေထိုင်တဲ့ တောင်သူလယ်သမား လေးထောင်ကျော်ကို စက်တင်ဘာလကုန် နောက်ဆုံးထားပြီး နေရပ်ကနေ ဖယ်ရှားပေးဖို့ အမှတ် ၅၀၉ အမြောက်တပ်က စက်တင်ဘာ ၆ရက်နေ့မှာ ကြေညာချက်ထုတ်ထားတာပါ။  ဒီပြဿနာအတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ ဒေသခံတောင်သူတွေဟာ အောက်တိုဘာ ၅ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။ “ဝန်ကြီးချုပ်က ဒီပြဿနာအတွက် ကာကွယ်ရေးဌာန၊ တပ်မတော်နဲ့ညှိနှိုင်းနေတယ်လို့ပြောသွားပါတယ်။ အထက်ကို တင်ပြပေးသွားမယ်လို့လည်းပြောတယ်။ ဒီကိစ္စက လယ်ယာမြေနဲ့အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတဦးဟန်နရီဗန်ထီးယူကပဲ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့လည်း ပြောသွားတယ်” လို့ ရွှေတောင်မြို့နယ်ဥယျာဉ်တောင်ယာဖွံ့ဖြိုးတိုးတက်ရေး အသင်း ဥက္ကဋ္ဌ ကိုကျော်ကျော်ဦးက ပြောပါတယ်။ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းဟာ ရွှေတောင်မြို့နယ်ကို ဒေသဖွံ့ဖြိုးရေးကိစ္စအတွက် ကွင်းဆင်းလာတာပါ။ သူနဲ့တွေ့ဆုံတုန်းမှာ မြေယာဧက ရှစ်ထောင်ကျော် သိမ်းဆည်းခံထားရတဲ့ပြဿနာကို ကူညီဖြေရှင်းပေးဖို့ ဒေသခံတွေက အချက်သုံးချက်နဲ့ တင်ပြတောင်းဆိုခဲ့ပါတယ်။  အဓိကအချက်ကတော့ တပ်က လိုအပ်သလောက်မြေကိုပဲ သိမ်းယူပြီး ကျန်တဲ့မြေတွေကို နိုင်ငံတော်ဆီပြန်အပ်ပေးဖို့ဖြစ်ပါတယ်။ နိုင်ငံတော်ပိုင်မြေ ဖြစ်ပြီဆိုမှ ဒေသခံတောင်သူတွေကို ခွဲတမ်းချပြီးပြန်လည်လုပ်ကိုင်ခွင့်ပေးဖို့ ဒေသခံတွေက တောင်းဆိုပါတယ်။ အမှတ် ၅၀၉ အမြောက်တပ်က စက်တင်ဘာ ၆ ရက်နေ့ ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ အဲဒီတောင်ယာမြေတွေကို ၁၉၉၀ အလွန် နဝတ အစိုးရလက်ထက်ကတည်းက အထက်ဌာနတွေရဲ့ညွှန်ကြားချက်နဲ့ သိမ်းယူထားတာလို့ ဆိုပါတယ်။  နေရာဖယ်ဖို့ ညွှန်ကြားချက်ကို မလိုက်နာရင် ဥပဒေအတိုင်း အရေးယူမယ်လို့လည်း ဖော်ပြထားပါတယ်။  တောင်သူတွေကလည်း လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ ကျော်ကတည်းက ဘိုးဘွားစဉ် ဆက်ဓါးမဦးချနေထိုင်ခဲ့တာလို့ အခိုင်အမာဆိုကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024