ကချင်တွင် အမြန်ဆုံး စစ်ရပ်စဲပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရန် ကျားဖြူပါတီ တိုက်တွန်း
နန်းမြနဒီ
·
January 3, 2013
ကချင်ပြည်နယ်တွင်းက ပစ်ခတ်မှုတွေ ချက်ချင်းရပ်စဲပေးဖို့နဲ့ ငြိမ်းချမ်းရေး အမြန်ဆုံးဆောင်ရွက်ဖို့ ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက ပြည်ထောင်စုအစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တောင်းဆိုလိုက်ပါတယ်။
ကျားဖြူပါတီရဲ့ ဒုတိယအကြိမ်မြောက် ညီလာခံအပြီးမှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာလို့ ပါတီဗဟိုကော်မတီဝင် ဦးစောသန်းမြင့်က ပြောပါတယ်။
“နံပါတ် ၁ က ကချင်ပြည်နယ်တွင်း လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် အပြစ်မဲ့တိုင်းရင်းသားပြည်သူအမြောက်အများ အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေကြရပါသည်။ ထို့ကြောင့် သက်ဆိုင်သည့် နှစ်ဖက်စလုံးက အပစ်အခတ်များ ချက်ချင်းရပ်ဆိုင်းရန် တိုက်တွန်း တောင်းဆိုပါသည်။ တနိုင်ငံလုံးသားစဉ်မြေးဆက် အမွေဆက်ခံနိုင်မည့် ခိုင်မြဲသော ပြည်တွင်းငြိမ်းချမ်းရေးအမှန်တကယ်ရရှိရန်အတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှုအမြန်ဆောင်ရွက်ပါရန် ပြည်ထောင်စုအစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးကို အလေးအနက်တိုက်တွန်းသည်။”
ဒါ့အပြင် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်သွားမယ့်အကြောင်း၊ လူနည်းစုတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ဥပဒေပြဋ္ဌာန်းနိုင်ဖို့ တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့် အကြောင်း စတဲ့အချက်တွေ အပါအ၀င် အချက် ၆ ချက်ကို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ညီလာခံမတိုင်ခင် ၁ ရက်က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့တဲ့ ပါတီ မူဝါဒပြုပြင်ပြောင်းလဲရေးနဲ့ ၂၀၁၅ ခုနှစ်မှာ ပါတီအနိုင်ရရေး ဘယ်လိုကြိုးပမ်းဆောင်ရွက်သွားမယ် ဆိုတဲ့အချက်တွေကို ဆက်လက် ဆွေးနွေးနေတယ်လို့ ဦးစောသန်းမြင့်က ဆက်ပြောပါတယ်။
ဆွေးနွေးပွဲကို ဒီညအပြီးသတ်မှာဖြစ်ပြီး မနက်ဖြန် တာချီလိတ်မြို့အနီးတ၀ိုက် ပတ်ဝန်းကျင်တွေမှာ လေ့လာရေးထွက်ကြမယ်လို့ ဆိုပါတယ်။
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ဇန်န၀ါရီလ ၁ ရက်နေ့ကနေ ၃ ရက်နေ့ထိ ကျင်းပတဲ့ ကျားဖြူညီလာခံမှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ပါတီလွှတ်တော်ကိုယ်စားလှယ်တွေ၊ ဗဟိုကော်မတီဝင်တွေ၊ ပါတီဝင်တွေနဲ့ စုစုပေါင်း လူ ၇၀၀ ကျော် တက်ရောက်လာကြတယ်လို့ ကျားဖြူပါတီက ပြောပါတယ်။