Home
မြန်မာသတင်း
တပ်ချုပ်၏ လတ်တလော ဆောင်ရွက်ချက်ကြည့်ပြီး ဂုဏ်ထူးဆောင်ဘွဲ့ပေးရန် စီစဉ်ခြင်းမဟုတ်ဟု YMBA ပြော
ဇေယျာချမ်းအေး
·
October 5, 2019
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လတ်တလော ဆောင်ရွက်ချက် တခုတည်းကို ကြည့်ပြီး ဂုဏ်ထူးဆောင်ဘွဲ့ပေးဖို့ စီစဉ်တာ မဟုတ်ဘူးလို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးရဲ့ တာဝန်ရှိသူက ပြောပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင်ဘွဲ့ပေးဖို့ ဗုဒ္ဒဘာသာကလျာဏယုဝအသင်း YMBA က စီစဉ်နေတာပါ။ တပ်ချုပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီတွေနဲ့ ဟင်ဒူဘုရားကျောင်းတွေကို သွားရောက် လှူဒါန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဆောင်ရွက်ချက် တခုတည်းကြောင့် ဂုဏ်ထူးဆောင်ဘွဲ့ပေးဖို့ စီစဉ်တာမဟုတ်ဘဲ တပ်ချုပ်ရဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေကို ဆက်တိုက်လေ့လာပြီးမှ အသင်းကြီးရဲ့စံနဲ့ ညီညွတ်တဲ့အတွက် ပေးအပ်တာလို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA တွဲဖက်ဥက္ကဋ္ဌ ဦးစိန်သန်းက ပြောပါတယ်။ “တပ်ချုပ်ကြီးကို အနီးစပ်ဆုံး ပြောရရင် ဘာသာသာသနာ အများကြီး လုပ်ခဲ့တယ်။ ထားဝယ်ဘက်မှာလည်း ဘုရားတည်ခဲ့တယ်။ ကျိုင်းတုံဘက်မှာလည်း ဘုရားတည်ခဲ့တယ်။ ဘာသာရေးနဲ့ပတ်သက်လို့ ပြောတာနော်။ တိုင်းပြည်အတွင်းမှာလည်း ဆောင်ရွက်တာတွေ အများကြီး။ ဗုဒ္ဓဘာသာ တမျိုးတည်းတင် မဟုတ်ဘူး။ အစ္စလာမ်ဘာသာတွေကိုလည်း ညီညီညွတ်ညွတ်နဲ့ တည်ငြိမ်အေးချမ်းစွာ ဆောင်ရွက်ပေးတယ်။ ခရစ်ယာန်တွေကိုလည်း ပေးတယ်။ ဟိုတလောကဆိုရင် ခရစ်ယာန်တွေကဆိုရင် ဒေါက်တာဘွဲ့တွေပေးတာ တွေ့ပါတယ်။ ဦးတို့ပေးတဲ့ဘွဲ့ဟာ မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ဟာ သာသနာရေးဆိုင်ရာဘွဲ့ မဟုတ်ပါဘူး။ မင်္ဂလာနဲ့ပေးတဲ့ ဘွဲ့ပါ။ ဒီဘွဲ့ကို နိုင်ငံတော် သာသနာရေးဌာနက မပေးပါဘူး။ YMBA အသင်းကြီးတခုတည်းကသာလျှင် မင်္ဂလာနဲ့ပတ်သက်ပြီး ပေးတဲ့ဘွဲ့ ဖြစ်ပါတယ်။” YMBA အသင်းကြီးက တပ်ချုပ်ကို ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ဖို့ စီစဉ်တာနဲ့ပတ်သက်ပြီး နိုင်ငံရေး အသိုင်းအဝိုင်းထဲမှာတော့ ဝေဖန်တာတွေ မြင့်တက်နေပါတယ်။  ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တပ်ချုပ်ရဲ့ ဆောင်ရွက်ချက်တွေ၊ တောင်သူလယ်သမားတွေဆီက မြေယာတွေ သိမ်းဆည်းထားတာတွေ၊ ပြည်သူတွေကို တရားစွဲဆိုတာတွေဟာ ဗုဒ္ဓဘာသာ မင်္ဂလာတရားနဲ့ ညီရဲ့လားလို့ နိုင်ငံရေးသမားတွေက ဝေဖန်နေတာပါ။ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်ဝင်းမောင်က “မဟာမင်္ဂလဓမ္မဇောတိကဓဇ ဆိုတာက အဓိပ္ပာယ်ကတော့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတယ်၊ တရားဓမ္မနဲ့ နေထိုင်တဲ့အတွက်ကြောင့်၊ အားလုံးကို စွမ်းဆောင်ပေးတယ်ဆိုတဲ့ ဂုဏ်ပြုဆု ဖြစ်တယ်။ ကာကွယ်ရေးဦးစီးချုပ်ကို ဒီဆုပေးတာကတော့ ဒီခေတ်စကားနဲ့ပြောရင် နည်းနည်းလေး များနေတယ်ဆိုသလို ဖြစ်နေတယ်။ တပ်ချုပ်က မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီးတော့ ဘယ်လိုများ ဓမ္မနဲ့ နေထိုင်သလဲဆိုတာရော ဒီအသင်းကြီးက တရားဝင် အချက်အလက်နဲ့ ကျကျနန ဖော်ပြနိုင်ရမှာပေါ့ဗျာ။ လက်ရှိ သုံးသပ်နေတာကတော့ တပ်မတော်က မြေကြီးတွေ သိမ်းထားတာ ရှိတယ်။ တောင်သူတွေကို ပြန်မပေးသေးဘူး။ ဒါက မင်္ဂလာနဲ့ ပြည့်စုံသလား၊ မပြည့်စုံသလား၊ ဓမ္မနဲ့ ညီညွတ်လား၊ အဓမ္မလား ဓမ္မလား ဆိုတာ ကြည့်ရမယ်” လို့ ပြောပါတယ်။ တပ်ချုပ်ကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်မယ့်ကိစ္စကို တပ်မတော်ဘက်က မသိရှိသေးပေမယ့် ကြိုဆိုတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ YMBA အသင်းကြီးကလည်း ဘွဲ့တံဆိပ် လက်ခံရယူဖို့ တပ်ချုပ်ဆီ အကြောင်းကြားစာ ပေးပို့ထားပေမယ့် ပြန်ကြားတာမရှိသေးဘူးလို့ ဆိုပါတယ်။ YMBA အသင်းကြီးဟာ ရဟန်းနဲ့လူပုဂ္ဂိုလ် ၇၀ ကျော်ကို မင်္ဂလဓမ္မဇောတိကဓဇဘွဲ့ ပေးအပ်ခဲ့ပြီး လက်ရှိ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုဟာလည်း ဒီဆုကို လက်ခံရရှိထားပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024