စစ်တွေတွင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူ ၂ ဦး ဒဏ်ရာရ
DVB
·
October 5, 2019
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကျောက်တက်လမ်းရက်ကွက်မှာ မနေ့ညက အမည်မသိ သေနတ်သမား ၂ ဦးက သေနတ်နဲ့ပစ်ခတ်တာကြောင့် လူ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်တွေမြို့ အမှတ် (၁) ရဲစခန်းက ပြောပါတယ်။
အောက်တိုဘာ ၄ ရက်နေ့ ည ၉ နာရီလောက်မှာ စစ်တွေမြို့ အေးငြိမ်းဆေးခန်းပိုင်ရှင် ဦးညီညီဟာ ဆေးခန်းကနေ သုံးဘီးဆိုင်ကယ် ကယ်ရီသမားနဲ့ အိမ်ကိုအပြန်မှာ ပစ်ခတ်ခံခဲ့ရတာလို့ အမှတ် (၁) ရဲစခန်းရဲအရာရှိက ဒီဗွီဘီကို ပြောပါတယ်။
“ည ၉ နာရီလောက်က ဆေးခန်းကနေ အိမ်အပြန်မှာ သုံးဘီးဆိုင်ကယ်သမား တယောက်ရယ်။ သူရယ်ပေါ့။ သူ့အိမ်ရှေ့နားအရောက်မှာ ဆိုင်ကယ်စီးလာတဲ့ ဘေးနားက သေနတ်သမား နှစ်ယောက်က သေနတ်နဲ့ လေးခါပစ်တယ်။ အဲဒီမှာ ကိုညီညီ ဆိုသူမှာ အပေါ်နှုတ်ခမ်းကို ဖောက်သွားတယ်။ နောက် သုံးဘီးဆိုင်ကယ်သမားကတော့ ဘယ်ဘက်ပေါင်မှာ ထိတယ်။ နှစ်ယောက်လုံး အခြေအနေက သက်သာတယ်။ အရမ်းကြီးတော့ မစိုးရိမ်ရဘူး။ ကျနော်တို့ကတော့ တရားခံလိုက်ရှာနေတုန်း။ ဘယ်သူဘယ်ဝါ ပစ်ခတ်သွားတယ် ဆိုတာ မသိသေးဘူး။ လိုက်ပြီးတော့ စုံစမ်းနေတုန်းပါပဲ။”
ပြီးခဲ့တဲ့နှစ် ၂၀၁၈ စက်တင်ဘာ ၂၅ ရက်နေ့ကလည်း စစ်တွေမြို့ ဝင်္ကဘာကွင်းမှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် တပ်ကြပ်ဖိုးလုံး စျေးရောင်းပွဲတော်မှာ အမည်မသိ သေနတ်သမားရဲ့ အနီးကပ်ပစ်ခတ်ခံရပြီး ဆေးရုံပို့စဉ် လမ်းမှာသေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်ကလည်း စစ်တွေ အဝေးပြေးကားဂိတ်အနီး၊ ဝေသာလီရင်ပြင်ရှေ့အနီးမှာ Roma Time ဂျာနယ် အယ်ဒီတာချုပ် စာရေးဆရာ ကျော်လင်း(ရောင်စုံ)အမည်မသိကို ဆိုင်ကယ်စီး နှစ်ဦးက စူးချွန်နဲ့ထိုးတိုက်ခိုက်ခဲ့တာကြောင့် စစ်တွေပြည်သူ့ဆေးရုံမှာ အရေးပေါ်ကုသမှုခံခဲ့ရပါတယ်။
စစ်တွေမြို့မှာ ဒီလိုဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွားနေပေမယ့် တရားခံ အစစ်အမှန်တွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိတဲ့အပေါ် ဒေသခံတွေက ဝေဖန်နေကြပါတယ်။
သတင်း-ဓာတ်ပုံ၊ ဝဏ္ဏခွာညို