ဗြိတိန်ပါလီမန်အတွင်း ချင်ပန်ဇီများ ဝင်ထိုင်နေပုံ ပန်းချီကား ဒေါ်လာ ၁၂ သန်းကျော်ဖြင့် လေလံ အောင်

ဗြိတိန်ပါလီမန်အတွင်း ချင်ပန်ဇီတွေ ဝင်ထိုင်နေပုံကို သရုပ်ဖော်ထားတဲ့ ဘန်စကီ ပန်းချီကားဟာ အောက်တိုဘာ ၃ ရက်က လေလံပွဲမှာ အမေရိကန် ဒေါ်လာ ၁၂ သန်းကျော်နဲ့ စံချိန်တင် ရောင်းချခဲ့ရပါတယ်။
အဲဒီပန်းချီကားကို ဗြိတိန်လမ်းဘေးပန်းချီဆရာတဦးက ရေးဆွဲခဲ့ပြီး ပန်းချီကားနာမည်က “နိမ့်ကျသွားတဲ့ပါလီမန်” လို့ ခေါ်ပါတယ်။
လေလံပွဲက အဲဒီပန်းချီကားကို ပေါင်ငွေ ၁ ဒသမ ၅ သန်းနဲ့ ၂ သန်းကြားရမယ် ကြိုခန့်မှန်းပြီး ၁၃ မိနစ် ကြာ လေလံအပြိုင်ပေးပြီးနောက်မှာ ပေါင်ငွေ ၈ ဒသမ ၅ သန်းနဲ့ ရောင်းချခဲ့တာပါ။
လေလံပွဲ စရိတ်စကတွေ ထည့်ပေါင်းပြီးနောက်မှာတော့ ပန်းချီကားတန်ဖိုးဟာ ပေါင်ငွေ ၉ ဒသမ ၈ သန်း (အမေရိကန် ဒေါ်လာငွေ နဲ့ ၁၂ ဒသမ ၂ သန်း) ရှိခဲ့ပါတယ်။
“နိမ့်ကျသွားတဲ့ပါလီမန်” လို့ အမည်ပေးထားတဲ့ အဲဒီပန်းချီကားကို ၂၀၀၉ ခုနှစ်မှာ ရေးဆွဲခဲ့ပေမယ့်လည်း အစီအစဉ် တင်ဆက်သူ အတော်များများက ပန်းချီကားကို မျက်မှောက်ခေတ် နိုင်ငံရေးနဲ့ နှိုင်းယှဉ်ဖော်ပြကြပါတယ်။
အဲဒါကတော့ အီးယူကနေ ဗြိတိန်နုတ်ထွက်ဖို့အရေး ဗြိတိန်အောက်လွှတ်တော်မှာ အခြေအတင် ငြင်းခုံနေကြတဲ့ နိုင်ငံရေးဖြစ်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။