Home
မြန်မာသတင်း
လီဗာပူးတွင် ပွဲထွက်ခွင့်ရရေး လက်မလျှော့ဟု ကားရီးရက်စ် ပြော
DVB
·
October 5, 2019
လီဗာပူးအသင်းအတွက် နောက်တကြိမ်ပွဲထွက်ခွင့်ရဖို့ အိမ်မက်ကို လက်မလျှော့သေးဘူးလို့ ဂျာမနီဂိုးသမား ကာရီးရက်စ်ကပြောပါတယ်။  ကာရီးရက်စ်ဟာ လီဗာပူးလ်အသင်းရဲ့ ဂိုးပေါက်ကိုကာကွယ်ဖို့ ကလော့ပ်က အားကိုးတကြီး ခေါ်ယူခြင်းခံရတဲ့ ဂိုးသမားဖြစ်ပေမယ့် လီဗာပူးကစားသမားဘဝကတော့ မကောင်းမွန်ခဲ့ပါဘူး။  ၂၀၁၈ ခုနှစ် ရီးရဲ်လအသင်းနဲ့ ချန်ပီယံလိဂ် ဖလားပွဲမှာ ဆိုးဆိုးရွားရွား မှားယွင်းခဲ့တဲ့ အမှားတွေကြောင့် သူ့ရဲ့လီဗာပူးလ် ကစားသမားဘဝဟာ စောစောစီးစီးအဆုံးသတ်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ တူရကီကလပ်ဘတ်ဆီးတပ်အသင်းကို အငှားသွားရောက်ကစားနေရပါတယ်။ သုံးဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ဒီဗိုလ်လုပွဲမှာ ကာရီးရက်စ်ဟာ ဘန်ဇီမာရဲ့ အဖွင့်ဂိုးနဲ့ ဂါရတ်ဘေးလ်ရဲ့ ဂိုးတို့အတွက် ပရိတ်သတ်တွေရဲ့ ငြိုငြင်ခြင်းကို ခံခဲ့ရပေမယ့် လီဗာပူး ကစားသမားဘဝကတော့ အဆုံးမသတ်သေးဘူးလို့ ယုံကြည်နေပါတယ်။  “ကျနော် လီဗာပူးလ်အတွက် နောက်တကြိမ်ပွဲထွက်ကစားခွင့်လား၊ သေချာတာပေါ့၊ ဒါဟာ ဆက်ရှိနေသေးတဲ့ ကောင်းမွန်တဲ့ ရွေးချယ်မှုတခုပဲ” လို့ကာရီးရက်စ်က Daily Mail နဲ့အင်တာဗျူးမှာ ပြောခဲ့ပါတယ်။  “ကျနော် လီဗာပူးအတွက် နောက်တကြိမ်ကစားခွင့်ရရင်လည်း ရဦးမှာပေါ့။ ဒါကို ဘယ်သူမှမသိနိုင်ဘူးလေ။ လီဗာပူးလ်မဟုတ်လည်း တခြားအသင်းတသင်း ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ။  ဒါ့ကြောင့် ကျနော် ဒီကိစ္စကိုလုံးဝ စိုးရိမ်ခြင်းမရှိပါဘူး။ ကျနော် ကိဗ်မြို့က ဗိုလ်လုပွဲအကြောင်း ကိုလည်း ထပ်မတွေးမိအောင်နေတယ်။ ဒါဟာ နှစ်ရာသီတောင်ကြာခဲ့ပြီပဲဗျ။ အဲဒီတုန်းကလည်း အခြေအတွေက ရှုပ်ထွေးခဲ့တာပဲလေ။ ကျနော့်မှာ ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့တယ်။ ဒါပေမယ့်လူ တွေက ဒီအကြောင်းကို စိတ်မဝင်စားကြဘူးလေ။ လူတွေက သူတို့ဖြစ်ချင်တာတွေပဲ ပြောနေကြတာပဲ။ ဒါ့ကြောင့် ကျနော်ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်စိတ်မရှိပါဘူး” လို့လည်း သူကဆက်လက်ပြောဆိုခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ရိုးမားအသင်းရဲ့ ဘရာဇီးလ်လက် ရွေးစင် အလီဆင်ဘက်ကာကို စံချိန်တင်ပြောင်းရွှေကြေးနဲ့ ခေါ်ယူခဲ့ပြီး အဲ့ဒီနှစ်မှာပဲ ချန်ပီယံလိဂ်  ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။  အခုရာသီမှာလည်ေ လီဗာပူးလ်အသင်းဟာ ပုံစံကောင်းတွေပြသနေပြီး ဒီရာသီမှာ လီဗာပူးအသင်း ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲစေချင်တယ်လို့လည်း ကားရီးရက်စ်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024