Homeမြန်မာသတင်း
မြစ်သားတွင် မျက်နှာဖုံးစွပ် ၃ ဦးက အမျိုးသမီး ၁ ဦးအား ရိုက်နှက်ကြိုးတုပ်ပြီး ရွှေထည်ပစ္စည်းများ ယူဆောင်
မြစ်သားတွင် မျက်နှာဖုံးစွပ် ၃ ဦးက အမျိုးသမီး ၁ ဦးအား ရိုက်နှက်ကြိုးတုပ်ပြီး ရွှေထည်ပစ္စည်းများ ယူဆောင်
DVB
·
October 5, 2019
မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်က ငရုတ်သီးမှုန့်စက်ရုံတခုမှာ အမျိုးသမီးတယောက်ကို မျက်နှာဖုံးစွပ် ၃ ယောက်က ရိုက်နှက်ကြိုးတုပ်ပြီး ရွှေထည်ပစ္စည်းတွေနဲ့ ငွေကျပ် သိန်း ၂၀ ကျော် ယူဆောင်သွားတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၄ ရက်နေ့ မနက်အစောပိုင်း ၃ နာရီလောက်က မြစ်သားမြို့နယ်၊ ရွာသာအနောက်ကျေးရွာ A-1 ငရုတ်သီးမှုန့်စက်ရုံဝင်းအတွင်းနေ ဒေါ်ဝင်းမာအေး (၄၉-နှစ်)ဟာ စက်ရုံအတွင်း တဦးတည်း အိပ်ပျော်နေစဉ် ခွေးဟောင်သံ ကြားလို့ ဓာတ်မီးနဲ့ သွားရောက်ကြည့်ရှုရာ မျက်နှာဖုံးစွပ်အမျိုးသား တဦးအား တွေ့ရှိတာကြောင့် ဓာတ်မီးနဲ့ရိုက်ရာ အမျိုးသားက ဓာတ်မီးအား လုယူကာ ဦးခေါင်းကို ပြန်လည်ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီနောက် မျက်နှာဖုံးစွပ်အမျိုးသား ၂ ဦး ထပ်မံရောက်ရှိလာကာ ဒေါ်ဝင်းမာအေးအား ကြိုးတုပ်ပြီး စက်ရုံ အဆောက်အဦအတွင်းရှိ သေတ္တာအတွင်းမှ ရွှေဆွဲကြိုး ၂ ကုံး၊ ဟမ်းချိန်း ၂ ခု၊ လက်ကောက် ၅ ကွင်း၊ လက်စွပ် ၄ ကွင်း၊ ဆွဲပြား ၂ ခု၊ ရွှေစကုတ် ၃ ခုနဲ့ ငွေကျပ် ၂၃ သိန်းတို့အား ယူဆောင်သွားခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။
ဒေါ်ဝင်းမာအေးရဲ့ တိုင်တန်းချက်အရ ပြစ်မှုကျူးလွန်သူတွေအား ဖမ်းဆီးရမိရေး ကူမဲနယ်မြေရဲစခန်း ရာဇသတ်ကြီးပုဒ်မ ၃၈၆ (လုယက်စဉ် နာကျင်စေမှု) နဲ့ အမှုဖွင့် စုံစမ်းနေတယ်လို့ သိရပါတယ်။