ထိုင်းတွင် ဘတ်သန်းချီကုန်ကျသည့်မင်္ဂလာဆောင်အပြီး သတို့သားက ငွေမချေဘဲ ထွက်ပြေး

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ပူရီရမ်ခရိုင်မှာ ဘတ်ငွေသန်းနဲ့ချီကုန်ကျတဲ့ ကြီးကြယ်ခမ်းနားတဲ့ မင်္ဂလာဆောင်အပြီး သတို့သားက သတို့သမီးကို အကြွေးတွေ ပတ်လည်ထားခဲ့ပြီး ထွက်ပြေးနေပါတယ်။  အသက် ၅၀ ကျော်ရွယ် နိုင်းထနတ် ဆီရီပီယဖွန်း(ခေါ်) ထွပ် ဆိုသူအမျိုးသား ၁ ဦးမှာ သူ့ကိုယ်သူ ထိုင်း-ဟောင်ကောင် စီးလုံးငှားလေယာဉ်လုပ်ငန်းရှင် ဘတ်သန်းပေါင်း ၂ သောင်းကျော်ချမ်းသာတဲ့ သူဌေးဆိုပြီး ပြီးခဲ့တဲ့ မေလက ပူရီရမ်မြို့က အသက် ၃၀ ရွယ် ဒါးရင်းဆိုသူ မိန်းမချော ၁ ဦးနဲ့ ကြီးကျယ်ခမ်းနားစွာ လက်ထပ်ခဲ့ပါတယ်။  လက်ထပ်ပွဲကျင်းပအပြီး နောက်နေ့မှာဘဲ ဘတ်ငွေ ၄ သန်းကျော်ပေးချေရမယ့် မင်္ဂလာပွဲ ကုန်ကျမယ့် စရိတ်တွေကို မပေးချေဘဲ နိုင်ငံခြားကို အရေးပေါ်အလုပ်ကိစ္စရှိလို့ဆိုပြီး တိမ်းရှောင်သွားခဲ့တာပါ။  အဆိုပါ ကုန်ကျငွေတွေထဲမှာ သတို့သမီးတင်တောင်းခ၊ ရွှေဆိုင်ကိုပေးရမယ့် ရွှေထည်ပစ္စည်းအဖိုးအခ၊ ဟိုတယ်ငှားရမ်းခ၊ ဘန်ကောက်မှအထူးမှာယူတဲ့ မင်္ဂလာပန်းနဲ့ အခမ်း နားပြင်ဆင်ခ၊ သတို့သမီး၊ သတို့သားနဲအရံဝတ်စုံခ၊ တီးဝိုင်းခ စတာ တွေပါဝင်ပါတယ်။  သတို့သမီးတင်တောင်းခ ဘတ် ၁ သန်း ၆ သိန်းကို ချက်လက်မှတ်နဲ့ ထုတ်ပေးတာဖြစ်ပြီး ချက်လက်မှတ်လည်း ပျောက်ဆုံးနေပါတယ်။  လက်ထပ်ပွဲကုန်ကျစရိတ်တွေကို သတို့သမီးဘက်ကတော့ ရှိတာအကုန်ထုခွဲရောင်း ချပေး ချေခဲ့ပြီးတာတောင်  နောက်ထပ်အကြွေး ဘတ် ၃ သန်းခွဲကျန်ရှိနေကြောင်း၊ သတို့ သမီးရှင်ဘက်က သာမန်ဈေး ရောင်းသူသာဖြစ်တာကြောင့် အကြွေးတွေမဆပ်နိုင်တော့သလို သတို့သားဟာလည်း ကနေ့ထိပေါ်မလာတာကြောင့် ရှေ့နေကို သွားရောက်တိုင်ပင်ရာမှ ဒီကိစ္စလူသိရှင်ကြား ဖြစ်သွားခဲ့ပါတယ်။  သတို့သမီးက ထွပ်နဲ့ သူဟာ ဒီနှစ်ဆန်းပိုင်းမှာ သိကျွမ်းခဲ့ပြီး ထွပ်က သူဟာ တခုလပ်သန်းကြွယ်သူဌေး၊ ဆီးချိုရောဂါသည်လို့ဆိုကာ လက်ထပ်ခွင့်တောင်းခဲ့ကြောင်း၊ လက်မထပ်ခင်ကလည်း နောက်ဆုံးပေါ်ကား ထည်လဲစီးကာ သူ့မိခင်၊ သူငယ်ချင်း အသိုင်းအဝိုင်းတွေဆီ ခေါ်သွားမိတ်ဆက်ပေးခဲ့တာကြောင့် ယုံကြည်စွာလက်ခံခဲ့ကြောင်း၊ မင်္ဂလာ ဆောင်ပြီးတဲ့နောက် လိုင်းပေါ်မှာဘဲတွေ့ကာ သူဘယ်မှာရှိမှန်းမသိ၊ မင်္ဂလာစရိတ်လာပေး မယ်ပြောပြီး  ကတိတွေပျကိခဲ့တာကြောင့် ရှေ့နေနဲ့ သွားတိုင်ပင်ရတာလို့ ဆိုပါတယ်။  ဒီသတင်းထွက်ပေါ်ပြီးတဲ့နောက် နိုင်းထွပ်ဆိုသူမှာ သန်းကြွယ်သူဌေးမဟုတ်ဘဲ လေဟာပြင်ဈေးမှာ မှိုလိုက်ရောင်းနေသူ ဈေးသည် ၁ ဦးသာဖြစ်ပြီး ယခင်ကလည်း မိန်းကလေး ၃ ဦးနဲ့ လက်ထပ်ကာ ငွေလိမ်လည်၊ အကြွေးပြု တိမ်းရှောင်သွားသူဖြစ်ကြောင်း ကာယကံရှင်တွေက ထုတ်ဖော်ပြောကြားခဲ့သလို သတင်းဌာနတွေကလည်း လိုက်လံစုံစမ်းသိရှိခဲ့ပါတယ်။  သူဟာ မှိုမျိုးစေ့ရောင်းသူထံ အကြွေး ဘတ် ၈ သောင်းပေးစရာရှိနေကြောင်း မှိုသည်က ပြောခဲ့သလို၊ ဆုမ့်ဆိုသူ မိန်းကလေးနဲ့ လက်ထပ်ကာ ကုမ္ပဏီထောင်မယ်ဆိုပြီး မော်တော်ကားနဲ့ ငွေရင်းငွေနှီးတွေ လိမ်သွားကြောင်း၊ နောက်ထပ် အေ ဆိုသူ အမျိုးသမီးနဲ့လည်း ဟောင်ကောင်မှာ ကုမ္ပဏီသွား ထောင်မယ်ဆိုပြီး ဟောင်ကောင်ထိခေါ်သွားကာ မိန်းကလေးရဲ့ငွေတွေနဲ့ ရှယ်ယာထဲ့ခဲ့ပြီး အကျိုးအမြတ်ကိုတော့ မိန်းကလေးကိုမပေးဘဲ အဆက်သွယ်ဖြတ်သွားတယ်လို့ ကာယကံရှင်တွေက သတင်းထောက်တွေကို ဖွင့်ပြောလာပါတယ်။  အခုလို အလိမ်ခံထိခဲ့ပေမယ့် ခံရတဲ့မိန်းကလေးတွေက မိမိငွေတွေ ပြန်မရမယ့်အတူတူ နောက်ထပ် အရှက်မကွဲလိုတာကြောင့် ဘယ်ကိုမှ မတိုင်ကြားခဲ့ကြောင်း၊ အချို့ကလည်း သူတနေ့ပြန်လာပေးမယ်လို့ ယုံကြည်မျှော်လင့်နေကြောင်း ခုလို သတင်းထွေက်ပေါ်လာမှာ နောက်ထပ်မိန်းကလေးတွေ အလိမ်မခံရအောင် သတိထားဖို့ ဖွင့်ဟပြောဆိုလာကြတာလို့ ဆိုပါတယ် ။  ဒါ့အပြင် သူဟာ ဗွီဒီယိုထုတ်လုပ်ရေးအဖွဲ့ ၁ ဖွဲ့နဲ့ ဇာတ်လမ်းတွဲထုတ်လုပ်မယ်ဆိုပြီး သရုပ်ဆောင်တွေ၊ ကင်မရာသမားတွေ ငှားရမ်းခဲ့ကာ အစပိုင်းသာငွေပေးပြီး နောက်ထပ်ပေးစရာ ရှိတာတွေ မပေးတော့ဘဲ ရှောင်နေတဲ့ကိစ္စလည်း ပေါ်လာပါတယ်။  သူ့အလိမ်အညာကို ခံခဲ့ရတဲ့ထဲမှာ နခွန်ဖနုမ်မြို့ရှိ ဝပ်ဆီထစ်ကျောင်းတိုက် ၁ ခုလည်း ပါတယ်လို့ ကျောင်းထိုင်ဆရာတော်ကပြောပါတယ်။  ပြီးခဲ့တဲ့နှစ်က သူဟာ ဘုန်းကြီးကျောင်း ဇရပ်ဆောင်သစ်ဆောက်ဖို့ ဘတ်သန်း ၃၀ မတည်ငွေ လှူမယ်လို့ ပြောခဲ့တာကြောင့် ကန်ထရိုက်တာတွေက ဘိလပ်မြေ၊ သဲ၊ သံချောင်းစတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကြိုတင်ဝယ်ထားပြီး နောက်တော့ အဓိကဒကာဖြစ်သူ သူ့နာမည်နဲ့ ကျန်တဲ့ အလှူငွေတွေ လိုက်ကောက်ခဲ့ကာ ကျောင်းကိုလည်း ငွေလာမပေးသလို သူ့နာမည်နဲ့ ငွေကောက်တဲ့ကိစ္စလည်း ဆရာတော်က သဘောမတူတာကြောင့် ပေါ်မလာဘဲ ပျောက်သွားပြီး ဘုန်းကြီးမှာ ဆောက်လုပ်ရေးပစ္စည်းအကြွေးတွေတင်သလို ဘာမှလည်း လုပ်လို့မရဘူးလို့ ပြောပါတယ်။ သတင်းဌာနက သူ့မိခင်ဖြစ်သူကို လိုက်လံစုံစမ်းမေးမြန်းရာမှာတော့ မိခင်က သူတို့လည်း အရင်က ငွေကြေးအတန်အသင့်ချမ်းသာကြောင်း၊ ဒါပေမယ့် သားဖြစ်သူက ရင်းနှီးမြှုပ်နှံမယ်လို့ အကြောင်းပြကာ အကြိမ်ကြိမ်ငွေလိမ်ယူသလို ရှိတဲ့မြေဂရံတွေ သွားရောက်ပေါင်နှံထားကြောင်း၊ မိခင်ဆီကယူသွားတဲ့ငွေ ဘတ် ၁၀ သန်းခန့်ရှိပြီး မိခင်ပြောဆိုဆုံးမတာကို နားမထောင်တာကြောင့် သားအဖြစ်က အမွေပြတ်စွန့်လွှတ်လိုက်ပြီလို့ သတင်းထောက်တွေကို ပြောပါတယ်။   နိုင်းထွပ်မှာ ရုပ်ရည်ဖြောင့်ပြီး၊ စတိုင်ကျကျ ဝတ်စားဆင်ယင်နေထိုင်တတ်သလို အပြောအလွန်ကောင်းကြောင်း၊ အထူးသဖြင့် စီးပွားရေး၊ အစုရှယ်ယာလုပ်ငန်း၊ ကုမ္ပဏီလုပ်ငန်း စတာတွေနဲ့ ပတ်သက်တဲ့ အခေါ်အဝေါ်၊ အသုံးအနှုန်း၊ ချိတ်ဆက်တွက်ချက်တတ်ပုံတွေ ကျွမ်းကျင်ကာ မိန်းကလေးတွေကိုလည်း အလိုလိုက် အကြိုက်ဆောင်ပြောတတ်ကြောင်း၊ နာမည်ကြီးလုပ်ငန်းရှင်၊ နိုင်ငံရေးသမားတွေနဲ့ တွေ့ခွင့်ရရင် ဓာတ်ပုံတွေရိုက်ပြီး အဲဒီပုံတွေ အသုံးချကာ သားကောင်ကို လိမ်လည်ခဲ့ကြောင်း၊ ဒါကြောင့်  ဒီလူကို အထူးသတိထားကြဖို့ သတင်းတွေမှာ အသိပေး ဖော်ပြနေကြပါတယ်။  ရဲတပ်ဖွဲ့ကတော့ နိုင်ထွပ်ဟာ လိမ်လည်သူအဖြစ် ကျော်ကြားနေပေမယ့် သူ့ကိုအရေးယူပေးဖို့ ဘယ်သူကမှ လာရောက်အမှုဖွင့် တိုင်ကြားထားတာမရှိသေးကြောင်း၊ နစ်နာသူတွေအနေနဲ့ လာရောက် တိုင်ချက်ဖွင့်နိုင်ကြောင်း သတင်းထောက်တွေကို ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up