စစ်မှုမထမ်းလိုသဖြင့် ၈၀ အရွယ်အဘွားအိုကို လက်ထပ်လိုက်သည့် ယူကရိန်းလူငယ်

898
အသက် ၅၇ နှစ်ပိုကြီးတဲ့ အဘွားအိုတဦးကို လက်ထပ်လိုက်ခြင်းနဲ့ ယူကရိန်းနိုင်ငံက လူငယ်တဦးဟာ နိုင်ငံရဲ့ စစ်မှုမထမ်းမနေရ ဥပေဒကို လက်တလုံးခြား ရှောင်လွှဲနိုင်ခဲ့တယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။
ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက နာမည်ကျော်ခဲ့တာ ဖြစ်ပေမယ့် အခုအချိန်မှာလည်း မီဒီယာတွေထက်မှာ ပြန်လည်နေရာယူနေပြီ ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံ ဗင်နစ်ဆာမှာ နေထိုင်တဲ့အသက် ၂၄ နှစ်အရွယ် အလက်ဇန်းဒါး ကွန်ဒရာယက်ဟာ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ စစ်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ အကြောင်းကြားခြင်းကို ခံခဲ့ရပါတယ်။
ယူကရိန်းဥပဒေတွေအရ အသက် ၁၈ နှစ်ကနေ ၂၆ နှစ်အတွင်းမှာရှိတဲ့ အမျိုးသားအားလုံးဟာ အခြေအနေတခုကလွဲရင် တနှစ် မဖြစ်မနေ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။
အဲဒီအခြေအနေကတော့ သူတို့မှာ ပြုစုစောင့်ရှောက်ရမယ့် မသန်စွမ်း ဇနီးသည်တွေ ရှိနေရင် ကင်းလွတ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
ဒီအချက်ကို ကွန်ဒရာယက်က အပြည့်အဝ အသုံးချခဲ့တာဖြစ်ပြီး သူ့ထက် အသက် ၅၇ နှစ် ပိုကြီးတဲ့ ဇီနိုင်ဒါ အီလာရီယိုနိုဗာကို လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ ယူကရိန်းမီဒီယာတွေမှာ တော်တော်လေး နာမည်ကျော်သွားခဲ့ပြီး ယူကရိန်း စစ်တပ်ဘက်ကလည်း သူတို့နှစ်ဦးရဲ့ လက်ထပ်မှုအပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ စစ်ဆေးမှုတွေအတွင်းမှာ သူတို့နှစ်ဦးဟာ တရားဝင် လက်ထပ်ထားတာ ဖြစ်ပြီးတော့ ဗင်နစ်ဆာမြို့အနီးက ရွာတခုမှာလည်း အတူတကွ နေထိုင်နေတာကို တွေ့ရှိခဲ့ရပါတယ်။
ဒါ့ကြောင့် ကွန်ဒရာယက်ရဲ့ ဖြစ်ရပ်မှာ စစ်တပ်ဘက်က ဘာမှ လုပ်ဆောင်နိုင်ခြင်း မရှိတော့ဘူးလို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒါပေမဲ့ တခြားတဖက်မှာလည်း ယူကရိန်းနိုင်ငံတွင်းမှာ ကွန်ဒရာယက်ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြပြီး ဒါဟာ ရှက်စရာကောင်းတဲ့ ကိစ္စတခု ဖြစ်တယ်လို့ ပြောကြပါတယ်။
ဒါပေမယ့် ကွန်ဒရာယက်ကတော့ ဒီစွပ်စွဲမှုတွေကို ငြင်းဆန်ထားပြီး သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးဟာ စစ်မှုထမ်းတာကို ရှောင်လွဲချင်လို့ မဟုတ်ဘဲ သူဟာ ဇီနိုင်ဒါအပေါ်ကို ခိုင်မာတဲ့ ခံစားချက်တွေ ရှိနေလို့ ဖြစ်တယ်လို့ ဆိုပါတယ်။