တမူးမြို့တွင် စိတ်ကြွဆေးပြား ၁၃ သိန်းခန့် ဖမ်းဆီးမိ
DVB
·
October 4, 2019
စစ်ကိုင်းတိုင်း တမူးမြို့မှာ မနေ့ညနေပိုင်းက စိတ်ကြွဆေးပြား ၁၃ သိန်းလောက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၃ ရက်နေ့ ညနေ ၄ နာရီလောက်က တမူးမြို့၊ မြို့မရပ်ကွက် တမူး-နန့်ဖာလုံကားလမ်းမှာ ရဲတပ်ဖွဲ့ဝင်တွေ ဦးစီးတဲ့ ပူးပေါင်းအဖွဲ့က အောင်စိုး(ခ)မောင်စိုး မောင်းနှင်လာတဲ့ ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ် တူးဘောက်အတွင်းမှ ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ WY စိတ်ကြွဆေးပြား ၈၇၇၅၀ ပြားအား သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါပူးပေါင်းအဖွဲ့ဟာ စော်ဘွား(၈)ရပ်ကွက်ရှိ အောင်စိုးရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ အိပ်ခန်းခုတင်အောက်ရှိ ပီနံအိတ်အတွင်းမှ စက္ကူနဲ့ထုတ်ထားတဲ့ WY စိတ်ကြွဆေးပြား ၁၁၉၉၂၅၀ ပြား ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။
အောင်စိုး(ခ)မောင်စိုး(ဖမ်းမိ)ကို တမူးမြို့မရဲစခန်းက မူး/စိတ် ပုဒ်မ ၁၉(က) နဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။