Live
Home
မြန်မာသတင်း
ပျားပုံးများဖယ်ရှာပေးရေး မုံရွာမြို့တွင် ဇီးစိုက်တောင်သူများဆန္ဒပြ 
Aung Ko Latt
·
October 4, 2019
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ တော်ဦးဘကျေးရွာဝန်းကျင်မှာ ပျားမွေးမြူရေး လုပ်ငန်းရှင်တွေ လာရောက်ချထားတဲ့ ပျားပုံးတွေကြောင့် ဇီးစိုက်တောင်သူတွေ ထိခိုက်နစ်နာမှုတွေ ကြုံတွေ့နေရတဲ့အတွက် ဒီကနေ့ မုံရွာမြို့ကို လာရောက်ဆန္ဒပြခဲ့ကြပါတယ်။ သက်ဆိုင်ရာကို အကြိမ်ကြိမ်တင်ပြခဲ့ပေမယ့် ထိထိရောက်ရောက်ဆောင်ရွက်ပေးတာ မရှိလို့ ဆန္ဒပြရတာဖြစ်တယ်လို့ တောင်သူတွေက ဆိုပါတယ်။ တော်ဦးဘကျေးရွာက ဘုတလင်မြို့နယ်၊ ကနီမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်တို့ရဲ့ နယ်နမိတ်မှာတည်ရှိပြီး တရွာလုံးက ဇီးကိုသာ အဓိကထား စိုက်ပျိုးရတာဖြစ်ပါတယ်။  တော်ဦးဘကျေးရွာပတ်ဝန်းကျင်မှာ ပျားမွေးမြူရေးကို ၂၀၁၁ ခုနှစ်လောက်ကတည်းက စတင်ကာ လုပ်ငန်းရှင်တချို့က လာရောက်လုပ်ကိုင်ကြတာဖြစ်ပြီး ဇီးအထွက်နှုန်းနဲ့ ဇီးသီး အရည်အသွေးတွေကလည်း ပျားမွေးမြူရေးတွေလာပြီးနောက်ပိုင်းကတည်းက သိသိသာသာ လျော့ကျလာနေတာပါ။  ၂၀၁၆ ခုနှစ်တုန်းက တရွာလုံးရဲ့ ဇီးသီးပိဿာချိန်ပေါင်း ၉၄၀၀၀၀ ကျော်ထွက်ရှိခဲ့ပေမယ့် ၂၀၁၇ ခုနှစ်မှာတော့ ၅၈၀၀၀၀ အထိ လျော့နည်းကျဆင်းခဲ့တယ်လို့ တောဦးဘကျေးရွာက ဇီးစိုက်တောင်သူ ဦးသောင်းလွင်က ပြောပါတယ်။ လက်ရှိမှာ ဇီးသီး ၁ ပိဿာကို ၇၀၀ ကျပ်ကနေ ၁၀၀၀ ကျပ်ထိ စျေးကက်ရှိနေတယ်ပါတယ်။  ပျားပုံးတွေက ရှိသင့်တာထက် ပိုချထားတဲ့အတွက် ပျားတွေဝတ်ရည်စုပ်တဲ့ဒဏ်ကြောင့် ဇီးပင်အပွင့်တွေခြောက်ပြီး ကြွေကျကုန်ကာ သီးနှုန်းတွေလည်း နည်းသွားတာဖြစ်ပါတယ်။ ဒီဒဏ်ကို တော်ဦးဘကျေးရာတင်မက အနီးပတ်ဝန်းကျင်က ကျေးရွာတွေပါ ခံစားနေရတယ်လို့ ဆိုပါတယ်။  မြို့နယ်စီမံခန့်ခွဲမှုကော်မတီကနေ တော်ဦးဘကျေးရွာနဲ့ ၂ မိုင်အတွင်း ပျားပုံးတွေ မထားရလို့ စာထွက်ခဲ့ပေမယ့် ပျားမွေးမြူတဲ့ လုပ်ငန်းရှင်တွေက လိုက်နာမှုမရှိဘဲ ဆက်လက်ဆောင်ရွက်နေ တာကြောင့် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေက အရေးတယူဖြေရှင်းပေးစေချင်တဲ့အတွက် အခုလို လာရောက်ဆန္ဒပြရတာဖြစ်တယ်လို့ ဇီးစိုက်တောင်သူတွေက ပြောပါတယ်။ ဒီနေ့ဆန္ဒပြပွဲကို တော်ဦးဘကျေးရွာက ဇီးစိုက်တောင်သူ ၅၀၀ ဦးက မုံရွာမြို့ မြို့တော်ခန်းမရှေ့ကနေ ဗိုလ်ချုပ်လမ်းအတိုင်း လာရောက်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဆန္ဒပြရာ လမ်းတလျှောက်မှာ ဘုတလင်မြို့နယ် ပျားဦးစီးမှူးကို စိစစ်ပေးရေး၊ ဥပဒေမဲ့ချထားတဲ့ ပျားပုံးတွေ အမြန်ဆုံးဖယ်ရှားပေးရေးနဲ့ တောင်သူတွေ လျော်ကြေးရရှိရေး စတဲ့ ကြွေးကြော်သံတွေကိုလည်း ကြွေးကြော်ခဲ့ကြပါတယ်။ အခုလိုဖြစ်စဉ်မျိုး ကနီမြို့နယ်မှာလည်း လွန်ခဲ့တဲ့ ၂ နှစ်ဝန်းကျင်က ဖြစ်ပေါ်ခဲ့ပါသေးတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024