A d v e r t i s e m e n t With Us

မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားသစ်  အောက်တိုဘာလကုန် ဖွင့်လှစ်မည်

မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၂)ကို အောက်တိုဘာ ၃၀ ရက်နေ့မှာ ဖွင့်လှစ်နိုင်ဖို့အတွက်   ထိုင်းဒုတိယဝန်ကြီးချုပ်က တံတားရှိရာနေရာကို မနေ့က လာရောက်ကြည့်ရှု စစ်ဆေးသွားပါတယ်။ ထိုင်းနိုင်ငံ  ဒုတိယဝန်ကြီးချုပ် ဂျူရင် လခ်စနာဝိစစ်က “နှစ်နိုင်ငံ ပြည်သူတွေအတွက် ကောင်းမွန် ပျော်ရွှင်စေမယ့် သတင်းကောင်းပါ။ အကျိုးရှိတဲ့ နယ်စပ်စီးပွားရေး အတိုင်းအတာ တခုထိတိုးတက် လာမှာဖြစ်တယ်။ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှု ၃၀ ရာခိုင်နှုန်း အထိ တိုးတက်လာမှာဟာ ထိုင်းတွေတင်မကပဲ  မြန်မာတွေအတွက်လည်း သန်းပေါင်းများစွာသော ကုန်တင်ပို့မှုတွေ တိုးတက်လာမှာဖြစ်တယ်” လို့ပြောပါတယ်။ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်နိုင်ရေးအတွက် မြန်မာ-ထိုင်း အမှတ်(၂)တံတားကို နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေ အောက်တိုဘာ ၁ ရက်နေ့မှာ MOU သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး  အောက်တိုဘာ ၃၀ ရက်နေ့ တရားဝင် တံတား ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ အဆိုပါတံတား တည်ဆောက်ပြီးစီးခြင်း အခမ်းအနားကိုတော့ ပြီးခဲ့တဲ့ မေ ၁၉ ရက်က နယ်စပ် ချစ်ကြည်ရေးတံတားပေါ်မှာ ကျင်းပခဲ့ရာမှာ  ထိုင်းဝန်ကြီးချုပ် ပရာရွတ်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့ပါတယ်။ ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ အချက်အခြာကျတဲ့တံတားကိုဖြစ်လို့ တံတားဖွင့်လှစ်ပြီးသွားရင် နှစ်နိုင်ငံကုန်သွယ်မှု မြင့်တက်လာနိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းနေကြပါတယ်။ ထိုင်းကုန်သည်လုပ်ငန်းရှင် နိုင်းကရစ်ကတော့ “   မြန်မာ- ထိုင်းချစ်ကြည်ရေးတံတား အမှတ် ၂ ဖွင့်တာနဲ့ မြန်မာစိုက်ပျိုးကုန်တွေ ထိုင်းဘက်ကို တရားဝင်တင်သွင်းတော့မှာဖြစ်လို့  နှစ်နိုင်ငံပြည်သူတွေနဲ့ စီးပွါးရေးသမားတွေအတွက် အားလုံး အဆင်ပြေသွားမယ်” လို့ပြောပါတယ်။ တံတားပေါ်ကနေ မြန်မာစိုက်ပျိုးရေးထွက်ကုန်တွေတင်ဆောင်လာတဲ့ မြန်မာကုန်တင်ကားကြီးတွေ  ထိုင်းနိုင်ငံဘက်ကို တရားဝင် ဝင်ရောက်နိုင်ရေးအတွက်လည်း ဒီရက်ပိုင်းမှာ နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။  ဒါ့အပြင် ထိုင်းခရီးလုပ်ငန်းပိုမိုတိုးတက်ဖို့အတွက်  မြန်မာနိုင်ငံကလာမယ့် ကားတွေကို နယ်စပ်မြို့ရဲ့ အတိုင်းအတာတခုထိ  ၆ ညအိပ် ၇ ရက်သက်တမ်း ဝင်ထွက်သွားလာခွင့်ပြုဖို့ လည်း ရှိနေပါတယ်။  မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် ၂ ဟာ  နှစ်နိုင်ငံစီးပွါးရေးအတွက် အဓိကကျတဲ့ လမ်းကြောဖြစ်တာနဲ့အညီ မြဝတီ-ကော့ကရိတ်လမ်း။ ကော့ကရိတ်-မော်လမြိုင်- ဘားအံလမ်းတွေကိုလည်း အဆင့်မြင့်လမ်းကြောအဖြစ် အဆင့်မြှင့်တင် ဆောက်လုပ်ဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။  ဓာတ်ပုံ- Bangkok Post

A d v e r t i s e m e n t With Us

More News
Up