အီရတ် ဆန္ဒပြပွဲအတွင်း ၂၇ ဦး သေဆုံး၊ ၆၀၀ ကျော် ဒဏ်ရာရ

820
အီရတ်နိုင်ငံက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ သုံးရက်မြောက် ရောက်လာချိန်မှာတော့ သေဆုံးသူ ၂၇ ယောက်နဲ့ ဒဏ်ရာရသူ အယောက် ၆၀၀ ကျော်ရှိပြီလို့ သိရပါတယ်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း အောက်တိုဘာ ၃ ရက်မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ထောင်ချီတဲ့ဆန္ဒပြလူအုပ်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး ဘဂ္ဂဒက်မြို့မှာ နေဝင်မီးငြိမ်းအမိန့် ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတောင်ပိုင်းက မြို့တမြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ သေနတ်သမားတွေ အပြန်အလှန်ပစ်ခတ်ရင်း လူနှစ်ယောက် သေဆုံးခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ အစပိုင်းမှာတော့ အလုပ်လက်မဲ့ပြဿနာ၊ အခြေခံဝန်ဆောင်မှု အားနည်းတာတွေကို ဆန့်ကျင်ခဲ့ပေမယ့် လက်ရှိအချိန်မှတော့ အစိုးရအဖွဲ့ ပြောင်းလဲဖို့အထိ အရှိန်မြှင့်ဆန္ဒပြတောင်းဆိုနေကြပြီး နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး လုံခြုံရေး စိန်ခေါ်မှုတရပ် ဖြစ်လာနေပါတယ်။
ဆန္ဒပြပွဲတွေဟာ နိုင်ငံရေးပါတီတွေနဲ့ ဆက်နွှယ်ပုံမရဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အငိုက်ဖမ်း တိုက်ခိုက်ပုံရပါတယ်။
ဆန္ဒပြသူ အယောက် ၄၀၀၀ လောက်ဟာ ဘဂ္ဂဒက်မြို့က ဆာယာရန်ရင်ပြင်မှာ စုဝေးပြီး အဲဒီကနေ တာဟ်ရီရင်ပြင်ကို ချီတက်ဖို့ ကြိုးစားခဲ့ကြပေမယ့် လမ်းမှာ ရဲတပ်ဖွဲ့ဝင်တွေက သူတို့ကို သေနတ်တွေနဲ့ပစ်၊ မျက်ရည်ယိုဓာတ်ငွေ့တွေသုံးပြီး နှိမ်နင်းခဲ့ကြပါတယ်။
ဘဂ္ဂဒက်မြို့ ဇာဖာရာနီယာခရိုင်က ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့တွေဟာ ကျည်အစစ်တွေသုံးပြီး ပစ်ခတ်တာကြောင့် ဆန္ဒပြသူတယောက်သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ရှုလာခရိုင်မှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်း နက်ဆာရီယာမြို့အနီးက ရေဖန်မြို့က ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ကို သေနတ်နဲ့ပစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီမြို့မှာ လူ ၇ ယောက် ညတွင်းချင်း သေဆုံးပြီး အောက်တိုဘာ ၃ ရက်မှာ လူတယောက် ထပ်သေဆုံးခဲ့ပါတယ်။
အဲဒီနောက် ရဲတပ်ဖွဲ့ဝင် ၅ ယောက် အပါအဝင် လူ အယောက် ၅၀ ကျော် ဒဏ်ရာရတယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ရိုက်တာသတင်းက ဆိုပါတယ်။