Live
Home
မြန်မာသတင်း
မြန်မာ့ဂုဏ်ပွဲတော်မှာ Project K ကေပေါ့ပ်အကအဖွဲ့ မြန်မာအကဖြင့် ဖျော်ဖြေမည် 
DVB
·
October 4, 2019
လူငယ်ကေပေါ့ပ်ပရိသတ်တွေကြားမှာ ရေပန်းစား လူသိများတဲ့ မြန်မာကေပေါ့ပ် အကအဖွဲ့ Project K ဟာ မြန်မာ့ဂုဏ်ပွဲတော်မှာ မြန်မာအကနဲ့ ဖျော်ဖြေသွားဖို့ ရှိနေပါ တယ်။ ပြည်တွင်းက အသေးစားနဲ့ အလတ်စား စီးပွားရေးထုတ်ကုန်လုပ်ငန်းရှင်တွေ ပါဝင်မယ့် ဒီပွဲတော်ကိုတော့ ရန်ကုန်မြို့က အတွင်းဝန်များရုံးမှာ အောက်တိုဘာလ ၄ ရက်ကနေ ၆ ရက်အထိ ၃ ရက်အကြာကျင်းပသွားမှာ ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်တွေ အများစုရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ Project K အဖွဲ့ဟာ အမျိုးသား လူငယ် ၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ကိုရီးယာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာအကနဲ့ ကိုရီးယားအက ပေါင်းစပ်တီထွင် သရုပ်ဖော်ကပြမှုတွေနဲ့အတူ နာမည်ကြီးလာခဲ့တာပါ။ မနှစ်ကတော့ သူတို့အဖွဲ့ဟာ The Beginning အမည်နဲ့ တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားပြီး Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေ လင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ ပါဝင်ပါတယ်။ အခု ဝန်ကြီးများရုံးမှာ ဖျော်ဖြေမယ့် ပွဲနဲ့ပတ်သက်ပြီး သူတို့အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ခုလိုရေးသားဖော်ပြထားခဲ့ပါတယ်။ “အခုလာမယ့် ၄ ရက်နေ့နဲ့ ၅ ရက်နေ့၊ ဝန်ကြီးများရုံးမှာ ကျင်းပပြုလုပ်မယ့် Myanmar’s Pride ပွဲမှာ ကျနော်တို့ Project K အဖွဲ့ရှိနေပါမယ်ဗျ။ ၄ ရက်နေ့ကတော့ ဖွင့်ပွဲမှာ ဖျော်ဖြေမှာဖြစ်ပြီး  ၅ ရက်နေ့မှာတော့ ညနေ ၅:၃၀ လောက်မှာ စတင် ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ၅ ရက်နေ့မှာတော့ အထူးအစီအစဉ်အနေနဲ့ နေ့လည် ၂ နာရီ ကနေစပြီး Project K Fan Card ပါတဲ့ ပထမဦးဆုံး အယောက် ၃၀ ကို FGM က ချိတ် ပုဝါလေးတွေကို လက်ဆောင်ပေးသွားမှာနော်။ ထုတ်ယူရမဲ့နေရာက Myanmar’s Pride ရဲ့ Orgaziner Booth မှာဖြစ်ပြီး Project K Fan Card လေးတွေပါ ယူလာ ခဲ့ဖို့မမေ့နဲ့နော်” ဆိုင်ခန်းပေါင်း ၁၅၀ ပါဝင်ပြသမယ့် Myanmar’s Pride မြန်မာ့ဂုဏ်ပြပွဲကိုတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ထုတ်ဖော်ဖို့၊ ပြည်တွင်းက  ထုတ်ကုန်တွေ ကိုတနေရာတည်းမှာ ကြည့်ရှုလေ့လာနိုင်ဖို့အတွက် ရည်ရွယ်ကျင်းပမှာ ဖြစ်တယ်လို့ သြဂုတ် ၂၃ ရက်နေ့ကဝန်ကြီးများရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပွဲစီစဉ်သူတွေက မီဒီယာတွေကို ပြောခဲ့တာပါ။ ဒါ့အပြင် မြန်မာ့ခရီးသွားကဏ္ဍကို ဖွံ့ဖြိုးစေဖို့ရည်ရွယ်ပြီး နိုင်ငံအတွင်းမှာရှိတဲ့ လှပတဲ့နေရာတွေကို ပြည်ပခရီးသွားတွေ လေ့လာသိရှိနိုင်ဖို့ အတွက် ပုဂံ၊ အင်းလေး၊ ကချင် စတဲ့ ဒေသတွေက ရှုခင်းအလှအပတွေနဲ့ ရိုးရာဝတ်စုံတွေကို ပြသမယ့် ပြခန်းတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ ပန်းဆယ်မျိုး သရုပ်ဖော်ပြခန်း၊ ခြင်းလုံးပြခန်း ပုသိမ်ထီးပြုလုပ်တဲ့ ပြခန်း တွေအပြင် ဓာတ်ပုံပြခန်းနဲ့ စားသောက်ကုန်လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။ ပြခန်းအတွင်း ဝင်ရောက်လေ့လာခွင့်ကိုတော့ နိုင်ငံခြားသားတွေကို အမေရိကန် ဒေါ်လာ ၅ ဒေါ်လာ သတ်မှတ်ထားပြီး ပြည်တွင်းက လာရောက်လေ့လာမယ့် အများ ပြည်သူတွေကိုတော့ အခမဲ့လေ့လာခွင့်ရမှာဖြစ်တယ်လို့ဆိုပါတယ်။ လတ်တလော Project K အဖွဲ့ရဲ့ ဖျော်ဖြေမှုကတော့ လာမယ့် အောက်တိုဘာ လ ၅ ရက်နေ့ ညနေ ၆ နာရီကနေ ၈ နာရီအတွင်းမှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ကြေညာ ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024