Home
မြန်မာသတင်း
The Voice Myanmar အဆိုတော် ပေါလ်အော်စတင် တကိုယ်တော်ဂီတဖျော်ဖြေပွဲ ကျင်းပမည်
DVB
·
October 4, 2019
ပြီးခဲ့တဲ့ The Voice Myanmar Season 2 မှာ ပရိသတ်လက်ခံအားပေးမှု ရရှိခဲ့တဲ့ ပြိုင်ပွဲဝင် အဆိုတော် ပေါလ်အော်စတင်ရဲ့ တကိုယ်တော်တေးဂီတဖျော်ဖြေပွဲကို အောက်တိုဘာ ၅ ရက်နေ့ ကျင်းပဖို့ ရှိနေပါတယ်။ ဒီပွဲကိုတော့ ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းပေါ်က Sakura Tower Rooftop မှာ ကျင်းပသွားမှာဖြစ်ပြီး လက်မှတ်တွေကိုတော့ တစောင် ကျပ် ၂ သောင်းနဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။ လားရှိုးမြို့ဇာတိ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Paul Austin ဟာ The Voice Thailand မှာလည်း ကြိုးစားယှဉ်ပြိုင်ခဲ့ဖူးပြီး ဘာသာစကားအခက်အခဲကြောင့် လတ်တလော မြန်မာပြည်ကို ပြိုင်ပွဲဝင်ရောက်လာတော့မှ ပါဝင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပခဲ့တဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲမှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။ ဒီပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။ ပေါလ်အော်စတင်ကတော့ Blind Audition အဆင့်မှာ Adele ရဲ့ When We Were Young ၊ Battle Round မှာတော့ Calum Scott ရဲ့ You Are The Reason ၊ KnockOut Round မှာတော့ R.ဇာနည်ရဲ့ နောက်ဆုံးရင်ခွင်၊ Liveshow အဆင့်မှာ ဖိုးကာရဲ့ လမ်းခွဲ၊ ဆီမီးဖိုင်နယ်အဆင့်မှာ Rachel Platten ရဲ့ Fight Song သီချင်းတွေနဲ့ ယှဉ်ပြိုင်ပြီးမှ ဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့တာပါ။ Grand Final အဆင့်မှာတော့ ပြိုင်ပွဲ ဝင် ၄ ယောက်ဖြစ်ကြတဲ့ နိုဗန်ထူး၊ ပေါလ် အော်စတင်၊ ဟေဇယ်လ်နဲ့ မယ်လိုဒီခေါင်တို့က သီချင်းတပုဒ်စီနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာပါ။ ပေါလ်အော်စတင်က ဆုန်သင်းပါရ်ရဲ့ သခင်သီချင်းနဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့ချိန်မှာ နို ဗန်ထူးကတော့ အဆိုတော် ရေမွန်ရဲ့ နောက်ကျောသီချင်းနဲ့ အားမာန်ပါပါ သီဆိုသွားခဲ့တာပါ။ နောက်ထပ်ပြိုင်ပွဲဝင် ၂ ဦးဖြစ်ကြတဲ့ ဟေဇယ်လ်နဲ့ မယ်လိုဒီခေါင်တို့ကတော့  နာ မည်ကြီး ရုပ်ရှင်ဇာတ်ဝင်သီချင်းတပုဒ်ဖြစ်တဲ့ တကျော့နှစ်ကျော့တေးကိုသီ သီချင်းနဲ့ တေးသံရှင် ထူးအိမ်သင်ရဲ့ ဂျပ်ဆင်ထိပ်က လရိပ်ပြာစတဲ့ သီချင်းတွေနဲ့ လှလှပပ သီဆိုယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ပရိသတ်ပေးတဲ့ မဲအများဆုံးနဲ့ Winner ဆုရှင်ကို ကြေညာလိုက်ချိန် မှာ တော့ ကျားပေါက်ရဲ့ အဖွဲ့ထဲက နိုဗန်ထူးက ဆွတ်ခူးရရှိသွားခဲ့ပြီး ပေါလ်အော်စတင်ကတော့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024