အင်းလေးဖောင်တော်ဦးဘုရားပွဲတော်
DVB
·
October 4, 2019
အင်းလေးဖောင်တော်ဦးရုပ်ပွားတော် ၅ ဆူကို နှစ်စဉ် နှစ်တိုင်း သီတင်းကျွတ်လဆန်း ၁ ရက်က စပြီးအင်းထဲက ကျေးရွာ ၂၀ နဲ့ ညောင်ရွှေမြို့ကို ၁၈ ရက်ကြာ ဒေသစာရီ ကြွချီတော်မူနေပါတယ်။
တောင်တန်းတွေ ပတ်လည်ဝန်းရံနေတာကြောင့် တောင်ပင်လယ်လို့ တင်စားခေါ်ဝေါ်ရတဲ့ အင်းလေးကန်က မြန်မာနိုင်ငံမှာရှိတဲ့ ကုန်းတွင်းအင်းအိုင်တွေထဲမှာ ဒုတိယအကြီးဆုံး အင်းအိုင်ကြီးဖြစ်ပါတယ်။
အင်းလေးကန်အတွင်းရှိ နန့်ပန်ရွာ၊ ဝမ့်လုံ ခေါ် ရွာကြီး ဗန့်ပုံ၊ နောင်တော် ခေါ် နောင်တောင်းရွာ၊ ဟိုင်းယ ခေါ် ဟဲယားရွာမ အစရှိတဲ့ ရွာလေးရွာက အစပြုခဲ့လို့ အင်းလေးကန်လို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် (၃၂၈၀) ပေတည်ရှိတဲ့ အင်းလေးကန်က အရင်က စတုရန်းမိုင် (၁၉၀)ခန့် အကျယ်အဝန်းရှိခဲ့ပေမယ့် ရာသီဥတုပြောင်းလဲလာမှုတွေကြောင့် လက်ရှိအချိန်မှာတော့ အကျယ် (၆)မိုင် ၊ အရှည် (၁၄)မိုင်သာ ရှိပါတော့တယ်။
အင်းလေးဒေသက ပြည်တွင်းခရီးသွားတွေသာမက နိုင်ငံတကာခရီးသွားဧည့်သည်တွေပါ လာရောက်လည်ပတ်ကြတဲ့ ဒေသလည်း ဖြစ်ပြီး အင်းလေးကန်ကျော်ကြားရတဲ့ အကြောင်းရင်းတွေထဲက တခုကတော့ အင်းသားလူမျိုးတွေဟာ လှေကိုလက်နဲ့မလှော်ပဲ ခြေထောက် တဖက်နဲ့ လှော်တဲ့ ဓလေ့ကြောင့်လည်းပါဝင်ပါတယ်။