အီးယူလေယာဉ်၊ ချိစ်နှင့်ဝီစကီများကို အခွန်နှုန်း တိုးမြှင့်မည်ဟု အမေရိကန်ပြော

691
အီးယူထုတ် လေယာဉ်တွေကို တရားမဝင် ကူညီထောက်ပံ့တဲ့အပေါ် လက်တုံ့ပြန်ပြီး အဲဘတ်စ်လေယာဉ်တွေပေါ်မှာ သွင်းကုန်ခွန် ၁၀ ရာခိုင်နှုန်း၊ ပြင်သစ်ဝိုင်၊ စကော့ဝီစကီနဲ့ အီတလီချိစ်တွေပေါ်မှာ အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံသွားမယ်လို့ အမေရိကန်နိုင်ငံက အောက်တိုဘာ ၂ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
အီးယူနဲ့ အမေရိကန်အကြား ကာလရှည်ဖြစ်နေတဲ့ အငြင်းပွါးမှုမှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)က အမေရိကန် ဒေါ်လာ ၇ ဒသမ ၅ ဘီလျံ တန်ဖိုးရှိတဲ့ အီးယူကုန်စည်တွေအပေါ် အမေရိကန်ကို သွင်းကုန်ခွန် စည်းကြပ်ခွင့်ပြုလိုက်ပြီးနောက်မှာ ဒီကြေညာချက် ထွက်ပေါ်လာတာပါ။
ဒီကြေညာချက်ဟာ အတ္တလန္တိတ်ဖြတ်ကျော် လက်တုံ့ပြန်ကုန်သွယ်ရေးစစ် မီးမွှေးဖို့ ခြိမ်းခြောက်မှု တရပ်ဖြစ်ပါတယ်။
နောက်ပြီး ဒါဟာ အမေရိကန်နဲ့ တရုတ်နှစ်နိုင်ငံအကြား တနှစ်ကျော်ကြာ ကုန်သွယ်ရေးစစ်ပွဲအတွင်း ဘီလျံချီတဲ့ ကုန်စည်တွေအပေါ် အပြန်အလှန် အခွန်စည်းကြပ်ကြပြီးနောက် နောက်ထပ်ပြုလုပ်မယ့် သွင်းကုန်ခွန် စည်းကြပ်တာလို့ ရိုက်တာသတင်းက ဆိုပါတယ်။