Home
မြန်မာသတင်း
ကောလင်းမြို့နယ်တွင် ဓာတ်သတ္တုအသေးစားလုပ်ကွက်များ လျှောက်ထားနိုင်
Aung Ko Latt
·
October 3, 2019
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းခရိုင်၊ ကောလင်းမြို့နယ် အနောက်ဖက်ခြမ်းဒေသတွေမှာ ဓာတ်သတ္တုအသေးစားနဲ့ လက်လုပ်လက်စားလုပ်ကွက်တွေ လုပ်ကိုင်ခွင့်ရရှိရေး ဒေသခံမည်သူ မဆို လျှောက်ထားနိုင်တယ်လို့ ကောလင်းမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်က ပြောပါတယ်။ ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စား သတ္တုတူးဖော်ခွင့်ရရှိရေး ပြည်ထောင်စု အစိုးရနဲ့ ချိတ်ဆက်ကာ အမြန်ဆုံးချထားပေးဖို့ကို ဒေသခံကိုယ်စားလှယ်က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ပုံမှန်အစည်းအဝေး တတိယနေ့မှာ မေးမြန်းခဲ့တာပါ။ ကောလင်းမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးတင်စိုးက"ကောလင်းမြို့နယ် အနောက်ဖက်ခြမ်းဒေသတွေက ရွှေ၊ ကြေးနီနှင့် ဆက်စပ်သတ္တုတွေ ထွက်ရှိတဲ့ဒေသဖြစ်ပါတယ်။ ဒီဒေသတွေကို ကုမ္ပဏီတွေက အကြီးစား၊ အလတ်စား စမ်းသပ်ရှာဖွေ လုပ်ကိုင်ခွင့်တွေ ရထားတယ်။ မြေနေရာရရှိရေး လက်ဦးမှုရယူတဲ့ ပုံစံဖြစ်နေတယ်။ မြေပြင်မှာ အမှန်တကယ် အခြေချလုပ်နေတာက ကုမ္ပဏီ တခုလောက်ပဲရှိတယ်။ ဒေသခံတွေမှာ ဖောင်စီးရင်း ရေငတ်၊ မြင်သာမြင် မကြင်ရဖြစ်နေတယ်။ သွားတူးရင်လည်း တရားမဝင်တူးလို့ အဖမ်းခံရတယ်။ ဒါကြောင့် အကြီးစားနှင့် အလတ်စားလုပ်ကွက်တွေထဲ မကျရောက်တဲ့ လွတ်ကင်းတဲ့ နေရာတွေကို ဒေသခံတွေအတွက် အသေးစားလုပ်ကွက်ချထားပေးနိုင်ဖို့၊ တရားမဝင်ရွှေတူးတာတွေ လျော့နည်း ဖို့၊ အလုပ်လက်မဲ့နည်းပြီး လူနေမှုဘဝမြင့်လာဖို့ ရည်ရွယ်ပြီး မေးမြန်းရတာဖြစ်ပါတယ်။"လို့ ပြောပါတယ်။ တိုင်းဒေသကြီး လုပ်ကွက်စိစစ်ချထားရေးအဖွဲ့ကို ၂၀၁၈ ခုနှစ်၊ မေလအတွင်းက စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဓိကအားဖြင့် ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက် စိစစ်ချထားပေးနိုင်ရေးကို ရည်ရွယ်ဖွဲ့စည်းခဲ့တာပါ။  အကြီးစားနဲ့ အလတ်စားလုပ်ငန်းတွေ၊ အသေးစားနဲ့ လက်လုပ်လက်စားလုပ်ငန်းတွေ အတွက် ဓာတ်သတ္တုထွက်ရှိရာ မြို့နယ်အလိုက် နယ်မြေဧရိယာတွေကိုလည်း သတ်မှတ်ပေးထား ပါတယ်။ မြို့နယ်တချို့မှာတော့ နေရာတိုင်းတာ သတ်မှတ်နိုင်ခြင်း မရှိသေးဘူးပါဘူး။ ကောလင်းမြို့နယ်အနောက်ခြမ်းဒေသတွေမှာလည်း ဒေသခံတွေအနေနဲ့ အသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက်တွေ လျှောက်ထားနိုင်တယ်လို့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းက ပြောပါတယ်။ "စစ်ကိုင်းတိုင်းဒေသကြီး လုပ်ကွက်စိစစ်ချထားပေးရေးအဖွဲ့က ခန့်ခွဲမယ့် အသေးစား၊ လက်လုပ်လက်စားဧရိယာ အတွင်း မကျရောက်တဲ့ ပြင်ပမြေနေရာတွေမှာ လျှောက်ထားလာပါက လျှောက်လွှာတွေစုစည်းပြီး လာမယ့် နိုဝင်ဘာလမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို တင်ပြဖို့ ညွှန်ကြားချက်ရထားတယ်။ ဒါကြောင့် ဒေသခံတွေအနေနဲ့ အသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက်တွေ လုပ်ကိုင်ခွင့်ရရှိရေး တိုင်းလုပ်ကွက်စိစစ်ချထား ပေးရေးအဖွဲ့ကို လျှောက်ထားနိုင်ပါတယ်။ ခွင့်ပြုနိုင်တဲ့ ဧရိယာက လျှောက်လွှာတွေကို စိစစ်ခွင့်ပြုချထားပေးနေပါတယ်။" ဒေသခံတွေအတွက် အသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက်တွေ ရရှိဖို့ ဓာတ်သတ္တု ထွက်ရှိရာ ဒေသတွေက လွှတ်တော်ကိုယ်စားလှယ်တွေက မကြာခဏဆိုသလို တိုင်းဒေသကြီး လွှတ်တော်မှာ မေးခွန်းမေးမြန်းတာတွေရှိပါတယ်။  ဒေသခံတွေအတွက် အသေးစားနဲ့ လက်လုပ်လက်စားလုပ်ကွက်တွေ ချထားပေးတာကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနည်းတာ၊ တရားမဝင်သတ္တုတူးဖော်မှုနည်းတာ၊ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိကာ အလုပ်လက်မဲ့ဦးရေ လျော့နည်းတာ၊ ဝင်ငွေရပြီး လူနေမှုအဆင့်အတန်းမြင့်လာတာ၊ စားဝတ်နေရေးအဆင်ပြေလာပြီး ဆင်းရဲမွဲတေမှု လျော့နည်း လာမှာ ဖြစ်တယ်လို့လည်း သတ္တုထွက်ရှိရာ ဒေသခံကိုယ်စားလှယ်တွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024