A d v e r t i s e m e n t With Us

ထိုင်းရောက်မြန်မာရွေ့ပြောင်းလုပ်သား ၁ ဦး ထိုင်းထီ ၆ သန်းဆုပေါက် 

ဒီလဆန်းက ထွက်သွားတဲ့ ထိုင်းထီပေါက်စဉ် ပထမဆု ၆၉၁၁၉၇ ဂဏန်းကို မြန်မာရွေ့ပြောင်းအလုပ်သမား တဦးက ဆွတ်ခူးသွားပြီး ဆုငွေ ဘတ် ၆ သန်းရရှိသွားပါတယ်။  ထီပေါက်သူမှာ ထိုင်းနိုင်ငံ အရှေ့ပိုင်း ပရကျင်းပူရီခရိုင် ပရကျင်းပူရီမြို့မှာ ဆောက်လုပ်ရေး အလုပ်လာလုပ်နေသူ ကိုစိုးကြီးဆိုသူဖြစ်ပြီး ထီပေါက်ကြောင်း ဖုန်းနဲ့ အကြောင်းကြားလာတဲ့ အတွက် အစအဆုံး ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ မဟာချိုင်အခြေစိုက် အေအေစီမဟာမိတ် အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။  “သူက ထီထွက်တဲ့နေ့ ညနေ ၄ နာရီလောက်မှာ ထိုင်းထီ ၆ သန်းဖိုးပေါက်တယ်ဆိုပြီး ဖုန်းဆက်လာတယ်။ ဓာတ်ပုံတွေလည်း ပို့လာတယ်၊  အဲဒါနဲ့ သူ့ကိုအကူအညီပေးဖို့ သူတို့နေရာကို ဒီကနေ ၄ နာရီလောက်ကြာတဲ့ ခရီးကို သွားရတယ်ခင်ဗျ။ သူအလုပ်လုပ်နေတာကတော့ တောရွာ မှာပါ၊ ပြီးတော့ သူ့ကို သွားခေါ်လာတယ်။ လာပြီး ချက်ချင်းဘဲ ငွေထုတ်ငွေလွှဲတာတွေ ကူလုပ်ပေး ခဲ့တယ်။ ဒီဘက်မှာ လိုအပ်တာသုံးဖို့ ၁ သိန်းချန်ပြီး ကျန်တာ အားလုံး သူ့အိမ်ကို လွှဲ ပေးလိုက်တာ မြန်မာငွေ ကျပ်သိန်းပေါင်း ၂၈၀၀ ရပါတယ်ခင်ဗျ။ ပြီးတော့ လေယာဉ်လက်မှတ်တွေ ဘာတွေ စီစဉ်ပေးပြီး ဒီက နေ့မနက်ဘဲ မြန်မာပြည်ပြန်သွားပါပြီ။ အခု သူ့အိမ်ပြန် ရောက်သွားပါပြီ။” ထီပေါက်သူ ကိုစိုးကြီးမှာ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ကဖြစ်ပြီး ဇနီးနှင့် သားသမီး ၂ ဦးရှိကြောင်း၊ မြန်မာပြည်က မိသားစုတွေထားခဲ့ပြီး အမ်အိုယူနဲ့ ထိုင်းမှာ အလုပ်လာလုပ်နေတာ ၂ နှစ်လောက်ရှိပြီလို့ ဆိုပါတယ်။  သူဟာ ထီကိုပုံမှန်ထိုးလေ့ရှိပြီး အခုတခေါက် ပထမဆုရတော့ အတိုင်းမသိဝမ်းသာနေ ကြောင်း၊ အခုထီပေါက်တော့ ဒုက္ခရောက်နေတဲ့ အလုပ်သမားတွေကို လက်ခံကူညီပေးနေတဲ့ အေအေစီဂေဟာအတွက်  လိုအပ်သလိုအသုံးပြုဖို့ ဘတ်ငွေ ၅၀၀၀၀ အလှူငွေထည့်ပေးခဲ့ တယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။  အေအေစီအနေနဲ့ အလုပ်သမားတွေရဲ့ သာရေး၊ နာရေးကိစ္စတွေ ကူညီဆောင်ရွက်ပေး နေတာမှာ ထီပေါက်တဲ့ မြန်မာအလုပ်သမားတွေကို လိုက်လံကူညီငွေထုတ်ပေးခဲ့တာ ဒီတကြိမ်ဆို ရင် ၇ ကြိမ်ရှိသွားပြီလို့ ဆိုပါတယ်။  ပြီးခဲ့တဲ့ သြဂုတ်လကလည်း တောင်ငူကနေ ထိုင်းမှာအလုပ်လာလုပ်တဲ့ အသက် ၂၀ ရွယ် လူငယ်အလုပ်သမား တဦး ဘတ် ၆ သန်းဖိုးပေါက်ခဲ့သေးကြောင်း၊ သူတို့ သူငယ်ချင်း ၅ ယောက် တပြိုင်တည်း ထီဝယ်ထိုးကာ ပေါက်တဲ့လူက မပေါက်တဲ့လူတွေကို ဘတ် ၁ သိန်းစီပေးရမယ်လို့ ကတိပြုခဲ့တာကြောင့် တကယ်ပေါက်တော့ တကယ်ဘဲ ကျန်တဲ့ သူငယ်ချင်း ၄ ယောက်ကို ဘတ် ၁ သိန်းစီပေးခဲ့ပြီး ၁ ယောက်ကို ဒုလ္လဘရဟန်းခံပေးခဲ့တယ်လို့ ဦးခိုင်ကြီးက ပြောသွားပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up