မြန်မာဘာသာဖြင့် ကုန်ညွှန်းအမှတ်အသား မဖော်ပြသည့်ကုန်ပစ္စည်းများကို အရေးယူမည်
အာကာ
·
October 3, 2019
မြန်မာဘာသာနဲ့ ကုန်ညွှန်းအမှတ်အသား မဖော်ပြထားတဲ့ ကုန်ပစ္စည်းတွေကို ၂၀၂၀ မတ်လလယ်က စပြီး အရေးယူတော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်းက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အောက်တိုဘာလ ၃ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန် ရဲ့ ရန်ကုန်တိုင်းဒေသကြီးကို တင်သွင်းတဲ့ကုန်ပစ္စည်းတွေ အရည်အသွေး ပြည့်မီခြင်းရှိမရှိကို ဘယ်အဖွဲ့အစည်းက ကြီးကြပ်စီမံနေပါလဲ မေးမြန်းတာကို ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။
ကုန်ပစ္စည်းတွေရဲ့ ကုန်ညွှန်းအမှတ်အသား ဖော်ပြဖို့ကို စားသုံးသူကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားတာ ဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လ ၁၅ရက်နေ့ထိ နောက်ဆုံးထားပြီး ကုန်ညွှန်းအမှတ်အသားတွေကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။
သတ်မှတ်ကာလ ပြီးဆုံးချိန်မှာတော့ မြန်မာဘာသာနဲ့ကုန်ညွှန်းအမှတ်အသား မဖော်ပြထား တဲ့ ကုန်ပစ္စည်းတွေကို အရေးယူတော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်းက ပြောပါတယ်။