အေဗရာဟမ်ကစားပုံ ဒရော့ဘာနှင့်တူဟု ဖာဒီနန် ပြော
ချဲလ်ဆီးတိုက်စစ်မှူး အေဗရာဟမ်ရဲ့ ကစားပုံဟာ ဒရော့ဘာနဲ့ ဆင်တူတယ်လို့ ဖာဒီနန်က သုံးသပ်လိုက်ပါတယ်။
လိုင်လီအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲစဉ်မှာ လူငယ်တိုက်စစ်မှူး အေဗရာဟမ်က ပွဲချိန် ၂၂ မိနစ်မှာ ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပြီး ၃၃ မိနစ်မှာ လိုင်လီက ပြန်လည်ချေပခဲ့ပေမယ့် ဝီလီယံက ပွဲချိန် ၇၈ မိနစ်မှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာပါ။
အဲဒီပွဲစဉ်ကို ယူနိုက်တက်နောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်က BT Sports ကနေ သုံးသပ်တင်ဆက်သွားခဲ့ပြီး အေဗရာဟမ်ရဲ့ ခြေစွမ်းကို ချဲလ်ဆီးဂန္ထဝင်တိုက်စစ်မှူး ဒရော့ဘာနဲ့ တင်စားသွားခဲ့တာ ဖြစ်ပါတယ်။
အေဗရာဟမ်ရဲ့ ဘောလုံးထိန်းသိမ်းပုံ၊ ဘောလုံးလက်ခံပုံနဲ့ တခြားကစားသမားတွေဆီကို ပေးပို့ပုံတွေဟာ ဒီဒီယာဒရော့ဘာရဲ့ ကစားပုံကို အမှတ်ရစေကြောင်းနဲ့ အေဗရာဟမ်ဟာ နှစ်သက်စရာကောင်းလောက်အောင် တိုးတက်လာပါတယ်လို့ ဖာဒီနန်က သုံးသပ်ခဲ့ပါတယ်။