ဖမ်းဆီးထားသည့် ရဲတပ်ဖွဲ့ဝင် ၄ ဦးကို တီအန်အယ်လ်အေ ပြန်လွှတ်ပေး
နော်နိုရင်း
·
October 3, 2019
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ မုံးစီးနယ် မြေရဲစခန်းက စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦးကို တအာင်းလက်နက်ကိုင်တပ်ဖွဲ့ (တီအန်အယ်လ်အေက) ပြန်လည်လွှတ်ပေးလိုက်ပါတယ်။
ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၄ ယောက်ကို စက်တင်ဘာလ ၂၉ ရက်နေ့မှာ တီအန်အယ်လ်အေ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး မနေ့က ပြန်လွှတ်ပေးလိုက်တယ်လို့ တီအန်အယ်လ်အေ ပြောခွင့်ရသူ ဗိုလ်မှူး မိုင်အိုက်ကျော်က ဒီဗွီဘီကို ပြောပါတယ်။
“၂၉ ရက်နေ့က ကျနော်တို့အဖွဲ့က အဲဒီမှာ ဒေသခံတွေ သတင်းပို့တာက မန်စာ- မုန်းဟောင် လမ်းပေါ်မှာ အရပ်ဝတ်နဲ့ ကုန်သည်တွေဆီကနေ ပိုက်ဆံကောက်နေတယ်ဆိုပြီး၊ ကျနော်တို့အဖွဲ့က သွားပြီးမှ စိစစ်တဲ့အချိန်မှာ အရပ်ဝတ်နဲ့ လူ ၄ ယောက်တွေ့တယ်။ ရဲဝတ်စုံနဲ့တော့မဟုတ်ဘူး။ ကျနော်တို့ ဖမ်းဆီးတဲ့အချိန်မှာ လက်ပစ်ဗုံး ၃ လုံးတွေ့တယ်။ ဒီကောက်ခံထားတဲ့ စာရင်း ဇယားတွေ တွေ့တယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ဖမ်းတယ်။ မနေ့ကတော့ ပြန်လွှတ်လိုက်ပြီ။”
ရဲတပ်ဖွဲ့ဝင်လေးဦး ပြန်လည်လွတ်မြောက်ရေး အရပ်ဘက်အဖွဲ့တချို့က ကြားဝင်ညှိနှိုင်းပေး ခဲ့ရတယ်လို့လည်း သိရပါတယ်။
ရဲတပ်ဖွဲ့ဝင် လေးဦးဟာ မနေ့ညနေ ၄ နာရီလောက်က မူဆယ်မြို့ကို ရောက်ရှိလာပြီး မူဆယ်ခရိုင်ရုံးမှာ ခေါ်ယူထားကြောင်းနဲ့ သူတို့ စစ်ဆေးဖို့ရှိတယ်လို့ ကွတ်ခိုင် လူမှုကူညီရေး အဖွဲ့ဝင်တယောက်က ပြောပါတယ်။