မာလီ စစ်စခန်း ၂ ခု တိုက်ခိုက်ခံရပြီး စစ်သား ၂၅ ဦးသေ၊ ၆၀ ပျောက်ဆုံး

မာလီနိုင်ငံမှာ စက်တင်ဘာ ၃၀ ရက်က သံသယဖြစ်ဖွယ် ဂျီဟတ်ဝါဒီတွေ စစ်စခန်းနှစ်ခုကို တိုက်ခိုက်တာကြောင့် စစ်သား ၂၅ ယောက် ကျဆုံးပြီး အယောက် ၆၀ ပျောက်ဆုံးနေတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
ဘီလော့ကီဆီနဲ့ မွန်ဒူရိုဒေသက စစ်စခန်းတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရတယ်လို့ အာဏာပိုင်တွေက အစောပိုင်းက ပြောခဲ့ပါတယ်။
ဒီသေဆုံးအရေအတွက်ဟာ ဒီနှစ်မှာ မာလီတပ်ဖွဲ့ဝင်တွေ ကြုံတွေ့ရတဲ့ အရေအတွက် အများဆုံးထဲ ပါဝင်ပါတယ်။
မာလီတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံအတွင်းလှုပ်ရှားနေတဲ့ အယ်ကိုင်းဒါး၊ အိုင်အက်စ်အဖွဲ့ဝင်တွေနဲ့ အဆက်အသွယ်ရှိတဲ့ စစ်သွေးကြွအဖွဲ့တွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာပါ။
စစ်ဘက်စခန်းတွေ တိုက်ခိုက်ခံရတာကို တုံ့ပြန်ပြီး မာလီတပ်ဖွဲ့ဝင်တွေကလည်း ဒေသတွင်း စခန်းချနေတဲ့ ပြင်သစ်တပ်ဖွဲ့ဝင်တွေ အထောက်အပံ့နဲ့ အိမ်နီးချင်း ဘာကီနာဖာဆိုက တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းစစ်ဆင်ရေး လုပ်ခဲ့ပါတယ်။
အနောက်အာဖရိကနိုင်ငံဖြစ်တဲ့ မာလီမှာ ၂၀၁၂ ခုနှစ်ကတည်းက ပဋိပက္ခတွေ ဖြစ်နေတာပါ။ အဲဒီတုန်းက အစ္စလာမ်မစ် စစ်သွေးကြွတွေဟာ နိုင်ငံမြောက်ပိုင်း တူဝါရစ်အရပ်မှာ လူမျိုးစု တော်လှန်ရေးကို ဆင်နွှဲခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။