မြောက်ကိုရီးယားက ပဲထိန်းဒုံးကျည်အသစ် အောင်မြင်စွာ စမ်းသပ်ပစ်ခတ်
မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောက ပစ်လွှတ်တဲ့ ပဲထိန်းဒုံးကျည်အသစ်ကို အောင်အောင်မြင်မြင် စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက အောက်တိုဘာ ၃ ရက်မှာ ကြေညာလိုက်ပါတယ်။
အဲဒီဒုံးကျည်ကို နိုင်ငံအရှေ့ပိုင်း ပင်လယ်ကနေ ပစ်လွှတ်ခဲ့ပြီး ဒါဟာ ပြည်ပခြိမ်းခြောက်မှုတွေကို ထိန်းချုပ်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရေးစွမ်းရည် တိုးမြှင့်စေဖို့ ရည်ရွယ်တယ်ဆိုပြီး နိုင်ငံပိုင်သတင်းဌာက ဆိုပါတယ်။
ဖူကောက်ဆွန် ၃ ဆိုတဲ့ ရေငုပ်သင်္ဘောပစ် ပဲ့ထိန်းဒုံးကျည်ကို ထောင်လိုက်အနေအထား ပစ်လွှတ်ခဲ့တယ်လို့ KCNA သတင်းဌာနက ပြောပါတယ်။
ဒုံးကျည်စမ်းသပ်ရာမှာ ပါဝင်သူတွေကို ခေါင်းဆောင် ကင်ဂျုံအန်းက ချီးကျူးဂုဏ်ပြု စကားတွေ ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ အမေရိကန်နဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ပြီးနောက်ပိုင်း မြောက်ကိုရီးယားရဲ့ ရန်စတဲ့ စမ်းသပ်ချက် ဖြစ်တယ်လို့ လေ့လာသူအများအပြားက ရှုမြင်ကြပါတယ်။