ကိုယ်ရေးကိုယ်တာစာအား တရားမဝင်ဖော်ပြသည့် ဗြိတိန်သတင်းစာကို မီဂန်မာကယ် တရားစွဲ

862
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီရဲ့ ကြင်ယာတော် မီဂန်မာကယ်က သူ့ရဲ့ ကိုယ်ရေးကိုယ်တာ စာတစောင်ကို တရားမဝင် ဖော်ပြခဲ့တဲ့ ဗြိတိန်သတင်းစာ Mail ကို တရားစွဲလိုက်ပါတယ်။
ဖခင်ဆီထံရေးသားခဲ့တဲ့ မာကယ်ရဲ့စာကို ဖော်ပြတာက တရားမဝင်ဘူးလို့ မာကယ်ရဲ့ ရှေ့နေက ပြောပါတယ်။
မင်းသားဟယ်ရီရဲ့ မိခင်ဖြစ်သူ ဒိုင်ယာနာဟာ ၁၉၉၇ ခုနှစ်က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ပါပါရာဇီ ဓာတ်ပုံသမားတွေနောက်က လိုက်လာလို့ ထွက်ပြေးရင်း ကားမှောက်ပြီး ကွယ်လွန်သွား ခဲ့ရတာပါ။
ဝေလမင်းသား ချားလ်နဲ့ လက်ထပ်လိုက်ပြီးတဲ့နောက် ဒိုင်ယာနာဟာ ကမ္ဘာပေါ်မှာ ဓာတ်ပုံအရိုက်ခံရဆုံး အမျိုးသမီးတယောက် ဖြစ်ခဲ့ပါတယ်။
“ကျနော့်ရဲ့ အနက်ရှိုင်းဆုံး အကြောက်တရားက အတိတ်ကဖြစ်ရပ်တွေ နောက်တခါ ဖြစ်လာမှာကိုပဲ။ ကျနော်ချစ်တဲ့ တစုံတယောက်က လူတယောက်လို ဆက်ဆံမခံရဘဲ အများပိုင်ပစ္စည်းလို သတ်မှတ်ခံရပြီးတဲ့နောက် ဘာတွေဆက်ဖြစ်ခဲ့တယ်ဆိုတာကို ကျနော် မြင်တွေ့ခဲ့ရပြီးပြီ။ ကျနော့်အမေကို ဆုံးရှုံးခဲ့ရတယ်။ အခုလည်း ကျနော့်ရဲ့ ဇနီးဟာ အလားတူအားကောင်းတဲ့ အင်အားစုတွေရဲ့ သားကောင်ဖြစ်နေရတာကို စောင့်ကြည့်နေရတယ်” လို့ ဟယ်ရီက ပြောခဲ့ပါတယ်။
Mail သတင်းစာဟာ စာပိုဒ်တွေ၊ စာကြောင်းတွေကို ချန်လှပ်ဖော်ပြပြီး စာဖတ်သူတွေကို ရည်ရွယ်ချက်ရှိရှိ လှည့်စားခဲ့တာလို့ ဟယ်ရီက ဆက်ပြောခဲ့ပါတယ်။
အဲဒီစွပ်စွဲချက်တွေကို Mail သတင်းဌာနကတော့ ငြင်းဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ ဟယ်ရီနဲ့ မာကယ်တို့ဟာ သူတို့ရဲ့ သားလေး အာချေးနဲ့အတူ အာဖရိကတောင်ပိုင်းကို ခရီးထွက်နေကြပါတယ်။