A d v e r t i s e m e n t With Us

ဆင်းရဲမှုလျော့ချရေးရန်ပုံငွေ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံက တိုက်ရိုက်တောင်းခံနိုင်

ဆင်းရဲမှုလျော့ချရေးရန်ပုံငွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တိုက်ရိုက် သို့မဟုတ် လွှတ်တော်၊ ဌာနဆိုင်ရာတွေကတဆင့် တောင်းခံနိုင်တယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောပါတယ်။  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအနေနဲ့ တိုင်းဒေသကြီးအတွင်း ဆင်းရဲမှုလျော့ချရေးရန်ပုံငွေ ချထားပေးတဲ့ပုံစံနဲ့ ဘယ်အချိန်တွေမှာ ဘယ်လိုတောင်းခံနိုင်သလဲဆိုတာကို တိုင်းဒေသကြီး လွှတ်တော်မှာ မြင်းမူမြို့နယ်အမတ်ဦးသောင်းမြင့်က မေးမြန်းခဲ့တာပါ။  ဒီမေးမြန်းချက်နဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဦးက  "ခက်ခဲတဲ့ ဒေသက ပြည်သူတွေအနေနဲ့ အစိုးရအဖွဲ့ကို တိုက်ရိုက်လည်းတောင်းနိုင်တယ်။ ဒါမှမဟုတ် လွှတ်တော်ကိုယ်စားလှယ်တွေကနေ တဆင့်လည်း တောင်းခံနိုင်တယ်။ ဌာနဆိုင်ရာတွေကနေ လည်း တောင်းခံနိုင်သလို ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်တွေရဲ့ နယ်မြေကွင်းဆင်းပြီး လူထုနဲ့ တွေ့ဆုံတဲ့အခါတွေမှာလည်း တောင်းခံနိုင်ပါတယ်။ တောင်းခံမှုတွေကိုတော့ ရန်ပုံငွေ တည်ရှိမှုအပေါ်မူတည်ကာ အမှန်တကယ် အရေးကြီးလိုအပ်တာတွေကို ဖြည့်ဆည်းဆောင်ရွက်ပေး နေပါတယ်"လို့ ဖြေကြားသွားပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ဆင်းရဲမှုလျော့ချရေးရန်ပုံငွေ ခေါင်းစဉ်နဲ့ နှစ်စဉ် သန်း ၅၀၀ လျာထားကာ လုပ်ဆောင်နေပါတယ်။  အဲဒီငွေတွေကို အဓိကအားဖြင့် National Grid မဟာဓာတ်အားလိုင်းနဲ့ ဝေးကွာတဲ့ ကျေးလက်ဒေသတွေမှာ လူထုထည့်ဝင်ငွေတဝက်၊ ဆင်းရဲမှုလျော့ချရေးရန်ပုံငွေ တဝက်နဲ့ မီးလင်းရေးအတွက် မီးစက်တွေထောက်ပံ့တာ၊ ဆိုလာမီးတွေ တပ်ဆင်ပေးတာ၊ ရေအခက်အခဲရှိတဲ့ ဒေသတွေမှာ ရေတွင်းရေကန် တူးဖော်တာ၊ ရေစင်နဲ့ ဆက်စပ်ပစ္စည်းတွေထောက်ပံ့တာ၊ စိမ့်စမ်းရေသွယ်ပေးတာနဲ့ သက်မွေးပညာသင်တန်းကျောင်းအတွက် ထောက်ပံ့ပေးတဲ့ လုပ်ငန်းတွေကို ကူညီထောက်ပံ့ပေးနေတာပါ။ တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိပြီး မြို့နယ်တိုင်းကလည်း လိုအပ်ချက် တွေ အများကြီးရှိနေသေးတာကြောင့် ငိုတတ်တဲ့ကလေး နို့ဝဆိုတာမျိုး မဖြစ်အောင်လည်း စီစဉ်ဆောင်ရွက်ပေးစေချင်တယ်လို့လည်း ကိုယ်စားလှယ်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up