၈ တန်းကျောင်းသူကို ကားတင်ခိုးပြေးသည့် ကျောင်းထိုင်ဆရာတော်ကို ဖမ်းမိ
မင်းညို
·
October 3, 2019
အသက်မပြည့်သေးတဲ့ ၈ တန်းကျောင်းသူကို ကားတင်ပြေးခဲ့တဲ့ ကျောင်းထိုင်ဆရာတော်ကို ပဲခူးတိုင်းဒေသကြီး ဥသျှစ်ပင်မြို့နယ်ထဲ ကနေ ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းမိခဲ့ပါတယ်။
စက်တင်ဘာ ၃၀ ရက်က ပြည်မြို့နယ်ထဲကကျေးရွာတရွာက အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တယောက်ကို ရွာကျောင်းကကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဓမ္မက ကားတင်ခိုး ယူသွားခဲ့တာပါ။
ကလေးမလေး ကျောင်းသွားစဉ်မှာ ဆရာတော်က သူ့ရဲ့ Honda Fit ကားနဲ့ ပြည်မြို့ ဘက်ကို ခိုးယူသွားဖြစ်ပြီး အောက်တိုဘာလ ၂ ရက်နေ့ ည ၉ နာရီလောက်မှာ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်နယ်မြေ၊ ကျောက်ဖူးအုပ်စု၊ ဆင်လူးကျေးရွာမှာ ဖမ်းမိခဲ့တယ်လို့ ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်းက ပြောပါတယ်။
“သူသွားတဲ့လမ်းကြောင်းအတိုင်း တပ်ဖွဲ့ဝင်တွေ ခွဲပြီး ဖြန့်ကျက်ပြီးလိုက်ကြတာ ပြည်ခရိုင်ရဲ တပ်ဖွဲ့မှူးကိုယ်တိုင် ဦးဆောင်ပြီးလုပ်တာ။ ဒီအမှုကိုအမြန်ပေါ်စေချင်တာ ကလေးမလေးက အသက်မပြည့်သေးတော့ တော်တော်လေး စိုးရိမ်တာ။ ဒါကြောင့် အားထည့်ပြီး လုပ်လိုက်ကြတာ၊ ဥသျှစ်ပင်နယ်က ဆင်လူးကျေးရွာက သူ့အမ ဒေါ်နမ်းခမ်းဝါရဲ့အိမ်မှာ သွားခိုနေတာ လက်မှတ်ထိုးဖို့ စီစဉ်တာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေက လက်မခံကြဘူး။ အဲဒါကို သတင်းရလို့ ဥသျှစ်ပင်ကို လှမ်းအကြောင်းကြားပြီး လှမ်းချိတ်လိုက်ပြီး အဲမှာပူးပေါင်းပြီး သွားလိုက်ကြပြီး ဖမ်းလိုက်တာ၊ ကလေးမလေးကိုတော့ အုပ်ထိန်းသူကို အပ်နှံလိုက်ပါပြီ။”
ခိုးယူသွားသူမှာ ဦးစိုင်းအောင်ကျော်မိုးကျော် (ခ) ဦးအဂ္ဂဓမ္မ အသက် (၄၀)ဖြစ်ပြီး အရင်က ရှမ်းပြည်နယ် နောင်ချိုမြို့မှာ နေထိုင်သူတယောက်ဖြစ်ပါတယ်။
လောလောဆယ် ဆေးစစ်နေပြီး ပုဒ်မ ၃၆၃၊၃၇၆ နဲ့အမှုဖွင့် ဖမ်းထားလိုက်ပြီလို့လည်း ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။