အီတလီတွင် ပလတ်စတစ်ဘူးနှင့် ရထားလက်မှတ် လဲပေးသည့် ဝန်ဆောင်မှု စတင်

775
အီတလီနိုင်ငံ မြို့တော်ရောမမှာ ပလတ်စတစ်ဘူးအမှိုက်တွေကို ရထားလက်မှတ်နဲ့ ပြန်လဲပေးတဲ့ ဝန်ဆောင်မှု စတင်အသက်ဝင်နေပြီလို့ ရိုက်တာသတင်းမှာ အောက်တိုဘာ ၁ ရက်က ဖော်ပြပါတယ်။
ဆန်ဂျိုဗာနီ မြေအောက်ဘူတာရုံက ပလတ်စတစ် ပြန်လည်သန့်စင်တဲ့ စက်ရှေ့မှာ ပလတ်စတစ်ဘူး အလွတ်တွေ ထည့်ထားတဲ့ အိတ်တွေကိုယ်စီနဲ့ ခရီးသွားတွေ တန်းစီနေကြပါတယ်။
အဲဒီစက်ထဲကို ပလတ်စတစ်ဘူး ထည့်လိုက်မယ်ဆိုရင် တဘူးအတွက် ယူရို ၅ ဆင့် အမှတ်ရမှာ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ရထားလက်မှတ် တစောင်တန်ဖိုးဟာ ၁ ဒဿမ ၅၀ ယူရို ရှိတာကြောင့် ပလတ်စတစ်ဘူးပေါင်း ၃၀ ဆိုရင် လက်မှတ်တစောင်အတွက် လုံလောက်ပါတယ်။
ဆယ်စုနှစ်ချီ လျစ်လျူရှုခဲ့တာကြောင့် ရောမမြို့က လမ်းဘေးအမှိုက်ပုံတွေမှာ အမှိုက်တွေ ပြည့်လျှံနေပြီး အဲဒီကထွက်လာတဲ့ အနံ့ဆိုးတွေဟာလည်း ကမ္ဘာလှည့်ခရီးသည်တွေနဲ့ မြို့ခံတွေဆီ တိုက်ရိုက်သက်ရောက်နေပါတယ်။
ဒါ့အပြင် အလေးချိန်တန်ချီတဲ့ အမှိုက်တွေ လမ်းဘေးမှာ ပျံ့ကြဲနေတာကိုလည်း တွေ့ရပါတယ်။
အမှိုက်တွေနဲ့ ရထားလက်မှတ်လဲလှယ်ပေးတဲ့ ဝန်ဆောင်မှုကို ရောမ သယ်ယူ ပို့ဆောင်ရေးကုမ္ပဏီ Atac ကိုယ်စား ရောမမြို့တော်ဝန် ဗာဂီနီယာရာဂီက စတင်လုပ်ဆောင်ခဲ့တာပါ။
၁၂ လ စမ်းသပ်ကာလအတွင်း ပလတ်စတစ်ပြန်သန့်စင်တဲ့စက်တွေကို ရောမမြို့က မြေအောက်ဘူတာရုံ သုံးခုမှာ ထားရှိသွားမှာ ဖြစ်ပါတယ်။