ကြက်တောင်မယ်လေး သက်ထားသူဇာကို ယူနီကုဒ်သံတမန်အဖြစ်ခန့်အပ်

ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့သူ ပြည်သူ့အချစ်တော် ကြက်တောင်မယ်လေး သက်ထားသူဇာဟာ လတ်တလောမှာတော့ ယူနီကုဒ်သံတမန်တယောက် ဖြစ်လာခဲ့ပြန်ပါပြီ။
ခုလိုခန့်အပ်မှုကိုတော့ e-Government ဦးဆောင်ကော်မတီနဲ့ မြန်မာနိုင်ငံကွန် ပျူတာပညာ ဖွံ့ဖြိုးရေးကောင်စီ(MCF)တို့ က ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။
သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ မြန်မာယူနီ ကုဒ်စံစနစ်ကူးပြောင်းရေးအတွက် သံတမန်တယောက်ဖြစ်ရတာ ဝမ်းသာဂုဏ်ယူ ကြောင်း ရေးသားထားခဲ့တာပါ။
“ညီမလည်း ယူနီကုဒ်ပဲ သုံးတော့မယ်။ အစပိုင်းတော့ နည်းနည်းခက်တယ် အခု တော့ ရေးရတာ Laptop မှာရော ဖုန်းမှာပါ အဆင်ပြေသွားပြီ။ Gboard မှာဆို အသံနဲ့ စာရိုက်လို့ရတယ် တခါတလေမှားတာတွေက ရယ်ရတယ်”
ကမ္ဘာ့အဆင့် နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ဆုတွေ ဆွတ်ခူးရရှိထားခဲ့တဲ့ မြန်မာ့ ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာကတော့ လတ်တလော ပရိသတ်တွေ ကြားမှာ အားပေးချစ်ခင်မှုတွေ ရရှိနေတာပါ။
သက်ထားသူဇာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က မော်လ်ဒိုက်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Maldives International Challenge 2019 ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့် ထိတက်ရောက်နိုင်ခဲ့ပေမယ့် ပြိုင်ဘက်ဟောင်း ဗီယမ်နမ်နိုင်ငံသူ ဗူသီထရန်ကို ရှုံးနိမ့်ခဲ့ ပြီး ပူးတွဲ တတိယဆုသာ ရရှိခဲ့တာပါ။
အသက် ၂၁ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ သက်ထားသူဇာဟာ နိုင်ငံတကာ ကြက် တောင်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ၆ ခုထိ ရရှိထားပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ၆၈ နဲ့ ရပ်တည်နေပါတယ်။
ချစ်စရာကောင်းတဲ့ ရုပ်ရည်ကြောင့် စီးပွားရေးကြော်ငြာတွေမှာလည်း တွေ့နေရ လို သီချင်းအမ်တီဗွီတချို့မှာလည်း ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အားလုံး ညီညီညွတ်ညွတ်နဲ့ အပြောင်းအလဲမှာ ပါဝင်ပြောင်းလဲကြဖို့ကိုလည်း သက်ထားသူဇာက ခုလိုတိုက်တွန်းထားခဲ့ပါတယ်။
“ယူနီကုဒ်က စံသတ်မှတ်ချက်ဖြစ်ပြီး အစိုးရနဲ့ချိတ်ဆက်တဲ့နေရာတွေမှာ တရား ဝင် eGovernment system တွေမှာ သုံးနေကြပါပြီ။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ယူနီကုဒ်သုံးကြဖို့ လိုတယ်လို့ပြောလိုက်ပါပြီ။ အားလုံးစည်းစည်းလုံး လုံးနဲ့ အတူတူယူနီကုဒ်သုံးကြပါစို့”
တကယ်လို့များ ယူနီကုဒ်မပြောင်းရသေးရင် ဖြစ်ဖြစ် မရေးတတ်သေးရင်ဖြစ်ဖြစ် ဒီလင့်ခ်လေးကနေကြည့်ပြီးလုပ်ကြည့်ပါနော်လို့လည်း ရေးသားခဲ့ပြီး http://unicodetoday.org/ လင့်ခ်ကိုလည်း မျှဝေထားခဲ့တာပါ။