A d v e r t i s e m e n t With Us

သီပေါမြို့နယ် မိုင်းလင်းဘုန်းကြီးကျောင်းမီးလောင်၊ ကိုရင် ၁ ပါးပျံလွန် 

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ထဲမှာ အောက်တိုဘာ ၂ ရက်  ညက ဘုန်းတော်ကြီး တကျောင်း မီးလောင်ပြီး ကိုရင် ၁ ပါး ပျံလွန်သွားပါတယ်။  သီပေါမြို့အရှေ့ဘက် ကုန်းသာအုပ်စု မိုင်းလင်းရွာမှာ ဘုန်းတော်ကြီးကျောင်း မီးလောင် ကြောင်းမနေ့ညက သတင်းရရှိပြီး သွားရောက်ကူညီငြှိမ်းသတ်ခဲ့ပေမယ့် ခရီးအတန်ဝေးတော့  ကျောင်းက အတော်လောင်ကျွမ်းနေပြီလို့ သီပေါ လူငယ် - လူမှုကူညီရေးအသင်းက စိုင်းတူးလီက ပြောပါတယ်။  “မီးစလောင်တာကတော့ ည ၉ နာရီခွဲလောက်ဖြစ်မယ်။ ရွာသားတွေက ကျနော့်ကို ဖုန်းဆက်လာတော့ ကျနော်လည်း မီးသတ်ဌာနကို ချက်ချင်းအကြောင်းကြားတယ်။ ကျနော်တို့ အဖွဲ့လည်း ချက်ချင်းလိုက်သွားတယ်။ ဒါပေမယ့် အဲဒီရွာက ၁၀ မိုင်လောက်ဝေးပြီး ခရီးကလည်း ကြမ်းတော့ ကျနော်တို့ရောက်သွားတော့ ကျောင်းခေါင်မိုးတွေ နံရံတွေလောင်သွားပြီး တိုင်တွေဘဲ ကျန်တယ်။  လေတွေလည်း အရမ်းတိုက်တော့ မီးအရှိန်တော်တော်ပြင်းတယ်ခင်ဗျ။ အသက် ၉ နှစ်ရွယ် ကိုရင်လေး တပါးလည်း မီးထဲ ပါသွားတယ်။ သီပေါပရဟိတ အဖွဲ့ကားနဲ့ အလောင်းကို ဆေးရုံပို့ပေးခဲ့တယ်။” မီးလောင်ရတဲ့ အကြောင်းရင်းကို သေချာမသိရပေမယ့်လည်း ဆိုလာပြားအပူ လွန်ကဲရာက စတင် လောင်ကျွမ်းကြောင်း၊ မီးလောင်မှုကြောင်း ကျောင်းဆောင်တခုလုံး ပါသွားပြီး အထဲက ပစ္စည်းပရိဘောဂတွေလည်း ဘာမှမရလိုက်ဘူးလို့ သူကဆက်ပြောပါတယ်။  အဆိုပါကျောင်းတိုက်ဟာ ခြေတံရှည် ပျဉ်ခင်းပျဉ်ကာ သွပ်မိုးကျောင်းတိုက်ဖြစ်ပြီး သံဃာတော် ၁၄ ပါးသီတင်းသုံးနေထိုင်ကာ မီးလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုးကိုတော့ မသိရသေးပါဘူး။  Photo: တူးလီ

A d v e r t i s e m e n t With Us

More News
Up