Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းဒေသကြီး အလံနှင့် အမှတ်အသားတံဆိပ် တိုင်းလွှတ်တော်အတည်ပြု
Aung Ko Latt
·
October 3, 2019
စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အလံနဲ့ အမှတ်အသားတံဆိပ်ကို စက်တင်ဘာ ၃၀ ရက်နေ့က ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။ လူမှုရေးဝန်ကြီးက တတိယအကြိမ်အဖြစ် တင်သွင်းလာတဲ့ အလံ ၂ ခု၊ တံဆိပ် ၃ ခုထဲကနေ ရွေးချယ်ခဲ့တာ ဖြစ်ဖြစ်ပါတယ်။  ပထမအကြိမ်နဲ့ ဒုတိယအကြိမ်တွေမှာ ကော်မတီတွေက နောက်ဆုံးရွေးချယ်ပြီး အစိုးရကအတည်ပြုတဲ့ အလံနှင့် တံဆိပ် ၁ စုံစီကိုသာ တင်သွင်းခဲ့တာဖြစ်ပါတယ်။  ပထမအကြိမ်နဲ့ ဒုတိယအကြိမ်တင်သွင်းတုန်းက ရွေးချယ်စရာမရှိတဲ့အပြင် တိုင်းဒေသကြီးကို ကိုယ်စားမပြုလို့ဆိုပြီး ကိုယ်စားလှယ်အများစုက ကန့်ကွက်ခဲ့ကြတာပါ။ အခုတင်သွင်းတာမှာတော့ အရင်တင်သွင်းတဲ့ပုံံစမျိုးမဟုတ်ဘဲ ကိုယ်စားလှယ်တွေကိုယ်တိုင် ရွေးချယ်ခိုင်းခဲ့တာလည်း ဖြစ်ပါတယ်။  တင်သွင်းလာတဲ့ အလံနှင့် အမှတ်အသားတံဆိပ်ကို လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ စက်ခလုပ်နှိပ် မဲခွဲဆုံးဖြတ်ခဲ့ပေမယ့် စက်ချို့ယွင်းမှုရှိခဲ့လို့ ထိုင်ထ မဲခွဲဆုံးဖြတ်တဲ့နည်းလမ်းကို အသုံးပြုခဲ့ပါတယ်။ မဲခွဲရာမှာ အန်အယ်လ်ဒီပါတီဝင်တချို့နဲ့ တပ်မတော်သားကိုယ်စားလှယ်၊ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေကတော့ အားလုံးကို ကန့်ကွက်ခဲ့ကြပါတယ်။  လက်ရှိအသုံးပြုနေတဲ့ တံဆိပ်က ပါတီတခုရဲ့ အမှတ်အသားနဲ့ တူညီနေတာကြောင့် ပြောင်းလဲပေးဖို့အဆိုကို ၁၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ မုံရွာမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်အမာကြည်က လွှတ်တော်ကို အဆိုအဖြစ် တင်သွင်းခဲ့တာပါ။  ဒီကိစ္စနဲ့ပတ်သက်လို့ ၁၇ ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ ၁ ကြိမ်၊ ၁၉ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ၁ ကြိမ် ရွေးချယ်ကာ လွှတ်တော်ကို တင်သွင်းခဲ့ပေမယ့် လွှတ်တော်က လက်မခံခဲ့တဲ့အတွက် အခု ၂၁ ကြိမ်မှာမှ အတည်ပြုနိုင်တာလည်း ဖြစ်ပါတယ်။  လက်ရှိအတည်ပြုလိုက်တဲ့ အလံနှင့် အမှတ်အသား တံဆိပ်ကိုတော့ ယှဉ်ပြိုင်ရေးဆွဲသူတွေ ထဲက ပြိုင်ပွဲဝင် ဒေါ်ခိုင်ဇာမွန်ရဲ့ ဒီဇိုင်းကို ရွေးချယ်အတည်ပြုခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024