Home
မြန်မာသတင်း
ဝန်ကြီးချုပ်အဆိုပြုထားသည့် လ၀က ဝန်ကြီးကို ကယားပြည်နယ်လွှတ်တော်ကန့်ကွက်
နော်နိုရင်း
·
October 3, 2019
ကယားပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပြည်နယ်ဝန်ကြီးချုပ်က အဆိုပြုပေးပို့ထားတဲ့ ပုဂ္ဂိုလ်ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်လိုက်ကြပါတယ်။ ကယားပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီးအဖြစ် ဦးတင်ဌေးကို ခန့်အပ်ဖို့  အောက်တိုဘာ ၁ ရက် ကယားပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေးမှာ တင်သွင်းခဲ့တာပါ။ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ အဆိုပြုချက်ကို အောက်တိုဘာ ၂ ရက်နေ့က လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ကန့်ကွက်ဆွေးခဲ့ပြီး လျှိုဝှက်မဲပေးမှုစနစ်နဲ့ ခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်မဲအများစုနဲ့ လွှတ်တော်က ကန့်ကွက်ကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။  ပြည်နယ်ဝန်ကြီးချုပ် အဆိုပြုတဲ့  ဦးတင်ဌေးဟာ ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူဖြစ်ပြီး သူဟာ  ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ဥပဒေအပြင် ရွေးကောက်ပွဲဥပဒေ ပါပြဋ္ဌာန်းချက်တွေနဲ့  ညီညွှတ်မှုမရှိကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၄ ဦးက လွှတ်တော်အစည်းအဝေး ဒုတိယနေ့မှာ ကန့်ကွက်ဆွေးနွေးခဲ့ကြတာပါ။   ကန့်ကွက်ဆွေးနွေးသူ မယ်စဲမြို့နယ်မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက “ဦးတင်ဌေးဟာဆိုရင် လက်ရှိအိမ်အမှတ် ၁၂ ဝန်ကြီးအိမ်ရာ လွိုင်ကော်မြို့မှာ နေထိုင်လျှက်ရှိတာကိုတွေ့ရှိရပါတယ်။ ဒီအချက်ဟာဆိုရင် လက်ရှိရာထူးဖြစ်စေ၊ ကယားပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပြုရေးအဖွဲ့ ဥက္ကဋ္ဌ အနေအဖြင့်လည်း  ရရှိခံစားနေရမည့်အိမ်ရာမဟုတ်ခဲ့ပါ။ လွှတ်တော်တွင် အတည်မပြုသေးခင်ကာလမှာလည်း ကြိုတင်နေထိုင်၍မရပါ။ ဒါ့အပြင် အဆိုပါနေအိမ်တွင် နေထိုင်တာကို တွေ့ရှိရသည်မှာ လွန်ခဲ့သော ခြောက်လကျော်ကတည်းက ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ကယားပြည်နယ်ဝန်ကြီးချုပ် တင်သွင်းလာသော လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအသစ် ဦးတင်ဌေးနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၁ နှင့်ညှိစွန်းနေပါ၍ ခိုင်လှုံသော သက်သေအထောက်အထားများနှ့င်တကွ တင်ပြအပ်တယ်။” ဖရူဆိုမြို့နယ်အမှတ်  မဲဆန္ဒနယ် အမှတ် ၂ က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်းကလည်း ဦးတင်ဌေးဟာ    ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ဥပဒေအပြင် ရွေးကောက်ပွဲဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့  ညီညွှတ်မှုမရှိကြောင်း ဥပဒေ ပုဒ်မတွေနဲ့တကွ တင်ပြကန့်ကွက်ခဲ့ပါတယ်။ ဒါ့အပြင်  လက်ရှိဝန်ကြီးချုပ်အဆိုပြုလာတဲ့ ရာထူးဟာနိုင်ငံတော်အတွက်အရေးပါတဲ့အ တွက် အလေးအနက်ထားသင့်ကြောင်းလည်း ဦးခင်မောင်ထွန်းကအကြံပြုတင်ပြ ဆွေးနွေးပါတယ် “ယခုဝန်ကြီးနေရာသည် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးနေရာဖြစ်ပါတယ်။ နိုင်ငံနှင့်လူမျိုးအတွက် အထူးအလေးအနက်ထားသင့်ပါကြောင်း၊ ခန့်အပ်သူသည် လည်းကောင်း၏မိသားစုသည် တိုင်းရင်းသားလူမျိုးမှ ဆင်းသက်ပြီး သွေးမနှောသူ နိုင်ငံနှင့်လူမျိုးအားချစ်သောသူကိုသာ ရွေးချယ်တာဝန်ပေးအပ်သင့်ပါကြောင်းအကြံပြုပါတယ်။” ကယားပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကိုသာ ပထမ ဦးစားပေးထည့်သွင့်စဉ်းစားသင့်ပြီး ကိုယ်စားလှယ်တွေက မဆောင်ရွက်နိုင်မှ ပြင်ပပုဂ္ဂိုလ်ကို စဉ်းစားသင့်ကြောင့် ဒီးမော့ဆိုမြို့နယ် အမတ် ဦးသိန်းအောင်က ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။  “ယခုအမည်စာရင်း တင်သွင်းထားသော ဦးတင်ဌေးသည် ကယားဌာနေ တိုင်းရင်းသားမဟုတ်ပါဘူး။ ဝန်ကြီးတပါး ခန့်ထားဆောင်ရွက်မည်ဆိုပါက လွှတ်တော်ကိုယ်စားလှယ်များနှင့် အရင်ဆုံးဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ” ဖားဆောင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေကလည်း တိုင်းရင်းသားဒေသနေပြည်သူတွေ ရွေးချယ်တင်မြှောက်လို့သာ မိမိတို့ယခုလိုပြည်နယ်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကိုရောက်ရှိလာတယ်ဆိုတာ ဦးစွာပထမထည့်သွင်းစဉ်းစားဖို့ လိုကြောင်း ဆွေးနွေးခဲ့ပါတယ်။  “ဌာနေတိုင်ရင်းသား မဲဆန္ဒရှင် ပြည်သူတွေရဲ့ သဘောထားကို အလေးနက်ထားစေချင်ပါတယ်။ ဒေသနေပြည်သူသာလျှင် သင့်တော်မည် ဖြစ်ပါ၍ အလေးနက်ထား ဆောင်ရွက်စေလိုပါတယ်။” ဒီလိုကန့်ကွက်ဆွေးနွေးအပြီး ဝန်ကြီးချုပ်က  ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ်အဆိုပြုထားတဲ့ ဦးတင်ဌေးနဲ့ပတ်သက်ပြီး  လျှို့ဝှက်ဆန္ဒမဲပေးပြီး အဆုံးအဖြတ်ရယူခဲ့ရပါတယ် လျှို့ဝှက်မဲဆန္ဒ ရယူရာမှာ လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦးထဲက ကန့်ကွက်သူ ၁၆ မဲ၊ ထောက်ခံမဲ ၃ မဲဖြစ်တာကြောင့် ဦးတင်ဌေးကို ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာနဝန်ကြီးအဖြစ် သဘောမတူကြောင်း ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက အတည်ပြုကြေညာခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024