YBS ယာဉ်လိုင်းများတွင် ကတ်ဖြင့်ငွေချေစနစ် ယခုလစတင်အသုံးပြုမည်
အာကာ
·
October 2, 2019
YBS ယာဉ်လိုင်းတွေမှာ ကတ်နဲ့ငွေပေးချေတဲ့ စနစ်ကို အောက်တိုဘာလမှာ စတင်အသုံးပြု နိုင်မယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ၂၀၁၉-၂၀ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ ဒေသန္တရစီမံကိန်းဥပဒေကြမ်းနဲ့ပတ်သတ်ပြီး တိုင်းဒေသကြီးလွှတ်တော်ကော်မတီနဲ့ ကိုယ်စားလှယ် တွေရဲ့ဆွေးနွေးချက်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက အောက်တိုဘာလ ၂ရက်နေ့က ပြန်လည်ဆွေးနွေးရာမှာ အခုလို ပြောဆိုခဲ့တာပါ။
ကတ်စနစ်အသုံးပြုဖို့အတွက် အောက်တိုဘာ ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA နဲ့ ကတ်စနစ်ဖော်ဆောင်မယ့် ကုမ္ပဏီတို့ လက်မှတ်ရေးထိုးခဲ့ပြီး ကားစီးရေ ၁၅၀၀ မှာ အသုံးပြုနိုင်တော့မယ်လို့ ဝန်ကြီးက ဆိုပါတယ်။
ဒါ့အပြင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ အကြံပြုခဲ့တဲ့အတိုင်း YRTA အတွက်ဥပဒေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ကိုလည်း အမြန်ဆုံးအကောင်အထည်ဖော်သွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။