ဆိုင်ကယ်ရပ်မပေးဘဲထွက်ပြေးသည့် ရွာသား ၁ ဦး တပ်မတော်ပစ်ခတ်မှုကြောင့်သေဆုံး
DVB
·
October 2, 2019
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကာဒီကျေးရွာအနီးမှာ ဆိုင်ကယ်မောင်းလာတဲ့ အပေါက်ဝကျေးရွာသား တဦးကို တပ်မတော်စစ်ကြောင်းက ပစ်ခတ်လိုက်လို့နေရာမှာပဲ သေဆုံးသွားတယ်လို့ ကာဒီကျေးရွာသားတွေက ပြောပါတယ်။
အောက်တိုဘာ ၂ ရက် မနက် ၅ နာရီကျော်လောက်က ကျောက်တော်မြို့နယ်က အပေါက်ဝကျေးရွာက အသက် ၄၀ ဝန်းကျင်အရွယ် ဦးစိုးနိုင်ဆိုသူဟာ သူအလုပ်လုပ်နေတဲ့ ကျောက်တော်အဝေးပြေးကားဂိတ်ကို ဆိုင်ကယ်နဲ့ သွားရောက်စဉ် ကာဒီကျေးရွာ အရောက်မှာ ပစ်ခတ်ခံလိုက်ရတာဖြစ်တယ်လို့ အမည်မဖော်လိုသူ ကာဒီကျေးရွာသားတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူက မနက်အစောကြီးအ လုပ်သွားရတာပါ။ ကျောက်တော်ကားဂိတ်မှာ အလုပ်လုပ်နေ တာ။ ကျနော်တို့ကာဒီကျေးရွာနား အရောက်မှာ သူ့ကို စစ်တပ်က သေနတ်နဲ့ လှမ်းပစ်လိုက်တယ်။ အချက် ၁၀ ကျော်လောက်ရှိမယ်။ ပစ်လိုက်တာ။ နေရာချင်းမှာ သေဆုံးသွားတယ်။ သေဆုံးသွားတဲ့ အလောင်းကိုတော့ သွားယူလို့မရသေးဘူး။ စစ်သားတွေဝိုင်းထားတယ်။ ကျနော်တို့ ဒီလောက် သိထားတယ်” လို့ပြောပါတယ်။
တပ်မတော်စစ်ကြောင်းက ရပ်ခိုင်းဖို့ဟန့်တားရာကမရပ်ဘဲ ဆိုင်ကယ်ကို ဆက်မောင်း နေတာကြောင့် ပစ်ခတ်လိုက်ရတာလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒီဗွီဘီကိုပြောပါတယ်။
“မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နယ်မြေတွေကို ပုဒ်မ၁၄၄ ထုတ်ပြန်ထားတဲ့နေမြေတွေ လေ။ ည ၉ နာရီကနေ မနက် ၅ နာရီအထိသွား လာလို့မရတာ။ ပြီးတော့ ကာဒီတို့ သင်္ဂနက်တို့ ဆိုတာက အဲ့ဒီနေရာတွေက ကျနော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အတက်အဆင်း လုပ်တဲ့ဟာ ကို ဒီကောင်တွေက မကြာခဏလာလာပစ်တဲ့အတွက်ကြောင့် ကျနော်တို့ ကက ရေကြောင်း လုံခြုံရေး လုပ်နေတာတွေရှိတယ်။ အဲ့ဒီလုပ်နေတဲ့အချိန် မနက် ၄ နာရီလောက်က ဒီကောင် အပေါက်ဝရွာသား ကာဒီတံတားအနားမှာကျနော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မသင်္ကာလို့ ခေါ်ယူပြီးတော့ ရပ်တန့်ခိုင်ပြီးတော့ ဒီကောင်က မရပ်ဘဲ မောင်းပြေးတယ်။ မောင်းပြေးတဲ့အတွက် ကြောင့်မို့ ကျနော်တို့ ခြောက်လှန့်ပြီးတော့မှ ပစ်ခတ်တာတော့ရှိတယ်။ အဲ့ဒီလိုပစ်ရင်းနဲ့ မှန်သွားတာပဲ၊”
သေဆုံးမိသားစုဝင်တဦးက “စစ်ကြောင်းတွေက အဲ့ဒီနားတလျှောက်ကင်းပုန်းဝပ်လို့ရှိတယ်။ အဲ့ဒီမှာ ရပ်ဖို့တားတာဖြစ်မယ်။ ဆိုင်ကယ်အသံနဲ့ မကြားဘူး၊ မကြားတော့စစ်သားတွေက လှမ်းပစ်လိုက်တာ။ သူက ၅ နာရီ ကျော်လောက် မှာနေ့တိုင်းအလုပ်ကို သွားနေကြပဲ” လို့ပြောပါတယ်။
အောက်တိုဘာလ ၁ ရက်မနက်ကလည်း မီးဝကျေးရွာအနားမှာရှိတဲ့ တပ်မတော် ရေတပ်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရွာဘက်ကို လှမ်းပစ်ခဲ့လို့ ဘုန်းကြီးကျောင်းမှာ ခိုလှုံဖို့ ရောက်ရှိလာတဲ့ ဆရာတော်တပါး၊ ကိုရင်တပါး၊ ဆရာမတဦးနဲ့ ကျောင်းသား ၂ ဦးထိခိုက်ဒဏ်ရရှိ သွားပါတယ်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့်အပါအဝင် အရပ်သားပြည်သူတွေ ၈၀ ကျော် သေဆုံးပြီး ၁၂၀ ကျော် ထိခိုက်ဒဏ်ရာရတယ်လို့ ရခိုင်လွှတ်တော်မှာတင်ပြဆွေးနွေးထားပါတယ်။
သတင်း-ဓာတ်ပုံ-ဝဏ္ဏခွာညို