အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင်  လူပေါင်း ထောင်ချီဆန္ဒပြ

Photo : REUTERS/Khalid al-Mousily
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ ထောင်ချီတဲ့ ဆန္ဒပြသူတွေ မနေ့က စုဝေးပြီး အလုပ်လက်မဲ့ပြဿနာ၊ အစိုးရရဲ့ အကျင့်ပျက် ခြစားမှုတွေနဲ့ အခြေခံဝန်ဆောင်မှု အားနည်းတာတွေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ဟာ မျက်ရည်ယိုဓာတ်ငွေ့တွေ၊ ရေအမြောက်တွေနဲ့ ကျည်အစစ်တွေ သုံးပြီး ဆန္ဒပြသူတွေကို လူစုခွဲဖို့ ကြိုးစားခဲ့လို့ လူအတော်များများ ဒဏ်ရာရပါတယ်။ အစပိုင်းမှာတော့ ရဲတပ်ဖွဲ့ဟာ သေနတ်တွေကို မိုးပေါ်ထောင်ပစ်ခဲ့ပေမယ့် လူအုပ်ထဲကို ပစ်ခဲ့သလား ဆိုတာကတော့ တိတိကျကျ မသိရပါဘူး။ ဒါပေမဲ့ ဆန္ဒပြသူ ငါးယောက်ရဲ့ မျက်နှာမှာ သွေးတွေ ပေကျံနေတာကိုတော့ ရိုက်တာ သတင်းထောက်တွေ မြင်ခဲ့ရပါတယ်။ အစိုးရ အဆောက်အအုံတွေနဲ့ ပြည်ပသံရုံးတွေ အခြေစိုက်တဲ့ အစိမ်းရောင်နယ်မြေထဲကို ဆက်သွယ် ဖောက်လုပ်ထားတဲ့ တံတားကို ဖြတ်ကျော်ဖို့  ဆန္ဒပြသူ အယောက် ၃၀၀၀ လောက်က ကြိုးစားခဲ့ကြပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လမ်းတွေ ပိတ်ဆို့ထားပြီး ရေအမြောက်တွေနဲ့ လူစုခွဲပေမယ့် ဆန္ဒပြလူအုပ်က နောက်မဆုတ်တဲ့အတွက် နောက်ဆုံးမှာတော့ ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တာပါ။ Popular Mobilisation Forces လို့ လူသိများတဲ့ ရှီးဟိုက်မွတ်စလင် ပြည်သူ့စစ်တပ်ဖွဲ့ဟာ အီရတ်နိုင်ငံရေး လောကရဲ့ အဓိက အခန်းကဏ္ဍမှာ ပါဝင်နေပြီးတော့ လွှတ်တော်နဲ့ အစိုးရထဲမှာလည်း နေရာယူထားကြပါတယ်။ ရေနံ ကြွယ်ဝချမ်းသာတဲ့ အီရတ်နိုင်ငံဟာ ဆာဒမ်ဟူစိန်အုပ်ချုပ်မှုနဲ့ ကုလသမဂ္ဂရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေအောက်မှာ ဆယ်စုနှစ်ချီ အကျပ်အတည်းတွေ ရင်ဆိုင်ခဲ့ရပါတယ်။   ၂၀၀၃ ခုနှစ်မှာ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ ပြည်တွင်းစစ်အပြင် အိုင်အက်စ် စစ်သွေးကြွတွေကိုလည်း တိုက်ထုတ်ခဲ့ရပါသေးတယ်။ အီရတ် နိုင်ငံတွင်း အကျင့်ပျက် ခြစားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လှိုက်စားနေသလို လျှပ်စစ်၊ ရေ စတဲ့ အခြေခံဝန်ဆောင်မှုတွေလည်း အားနည်းပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up