မူးယစ်ဆေးနှင့် ဆက်နွှယ်သည့် ရောဂါကူးစက်မှု မြင့်တက်လာဟု သမ္မတပြော
ပိုင်စိုး
·
October 2, 2019
မြန်မာနိုင်ငံထဲမှာ မူးယစ်ဆေးအကြောထဲသွင်းသူ တသိန်းလောက်ရှိတယ်လို့ခန့်မှန်းထားပြီး မူးယစ်ဆေးနဲ့ ဆက်နွှယ်တဲ့ အိပ်ချ်အိုင်ဗွီ၊ အသည်းရောင်အသားဝါနဲ့ တီဘီရောဂါကူးစက်တာတွေ မြင့်တက်လာတယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။
ဒီနေ့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် ၃ ကျောင်းသား၊ ကျောင်းသူတွေ ဩဝါဒခံယူပွဲအခမ်းအနားမှာ ပြောခဲ့တာပါ။
မူးယစ်ဆေးဝါးတွေဟာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့လူထုထဲကိုဝင်ရောက်လာပြီး မူးယစ်ဆေး သုံးတာ များလာတာနဲ့အမျှ ရာဇဝတ်မှုခင်းများလာတဲ့ ဆိုးကျိုးသံသရာကို ဖြစ်ပေါ်စေတယ်လို့လည်း သမ္မတက ပြောပါတယ်။
“ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ၂၀၁၈ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံမှာ မူးယစ်ဆေး အကြောထဲထိုးသွင်းသူ ၉၃၀၀၀ လောက်ရှိတယ်လို့ ခန့်မှန်းထားပြီး မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ အိပ်ချ်အိုင်ဗွီရောဂါ၊ အသည်းရောင်အသားဝါရောဂါနဲ့နဲ့ တီဘီရောဂါကူးစက်တာတွေ မြင့်တက် လာကြောင်း သိရှိရပါတယ်။ သားတို့ သမီးတို့အနေနဲ့လည်း မိမိတို့ကိုယ်တိုင်က မူးယစ်ဆေးဝါး ကင်းစင်တဲ့သူဖြစ်ဖို့လိုသလို ကျောင်းသားလူငယ်တွေကိုလည်း မူးယစ်ဆေးဝါး ကင်းစင်တဲ့ အနာဂတ် လူငယ်တွေဖြစ်အောင် ပြုစုပျိုးထောင်ပေးကြဖို့ လိုပါတယ်” လို့ ပြောပါတယ်။
ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ ကျောင်းနေအရွယ်အားလုံး ပညာရေးအဆင့်တိုင်း ဘယ်လို ခွဲခြားတာမှ မရှိစေရေး၊ ကျောင်းထွက်သူမရှိစေရေးဆိုတဲ့မူဝါဒတွေနဲ့အညီ တိုင်းရင်းသား လူငယ်တွေ ကို စာရိတ္တနဲ့ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ နိုင်ငံ့သားကောင်းတွေ ဖြစ်လာအောင် လေ့ကျင့် ပြုစုပျိုးထောင်ပေးကြပါလို့လည်း တိုက်တွန်းပါတယ်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ဟာ ၁၉၆၄ ခုနှစ်မှာ ဖွင့်ခဲ့တဲ့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံကို တက္ကသိုလ်အဖြစ် ၁၉၉၁ ခုနှစ်မှာ အဆင့် တိုးမြှင့်ခဲ့တာဖြစ်ပြီး နယ်စပ်ဒေသက တိုင်းရင်းသားလူငယ်တွေကို အဆင့်မြင့်ပညာတွေ သင်ပေးနေတာဖြစ်ပါတယ်။
ဓာတ်ပုံ- သမ္မတရုံး